နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေထုတ်

မြန်မာနိုင်ငံမှာ နှစ်ပေါင်း နှစ်ဆယ်အတွင်း ပထမဆုံး အကြိမ် ကျင်းပမယ့် ရွေးကောက်ပွဲ အတွက် ဥပဒေတွေ ကို မြန်မာအစိုးရက ထုတ်ပြန် နေပါပြီ။

Image caption နိုင်ငံရေးပါတီ ဖွဲ့စည်းခြင်း ဥပဒေ

အင်္ဂါနေ့က ရွေးကောက်ပွဲ ကော်မရှင် ဥပဒေကို ထုတ်ပြန်ခဲ့ပြီး၊ ဗုဒ္ဓဟူးနေ့မှာတော့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို သတင်းစာတွေထဲမှာ ဖော်ပြခဲ့ပါတယ်။

ဒီဥပဒေမှာ နိုင်ငံရေးပါတီတွေ ဘယ်လို ဖွဲ့စည်းရမယ်၊ ဘယ်လို လူတွေကိုပဲ ပါတီဝင် အဖြစ်လက်ခံရမယ် ဆိုတဲ့ စည်းကမ်း သတ်မှတ်ချက် တွေလည်း ပါဝင်ပါတယ်။

ပါတီထောင်လိုသူ၊ ဒါမှမဟုတ် ပါတီဝင် ဖြစ်လိုသူတွေဟာ ထောင်ဒဏ် ကျခံနေရသူ မဖြစ်စေရလို့ ပြဌာန်း ထားတဲ့ အပြင်၊ ပစ်ဒဏ်ကို အယူခံနေဆဲ ဖြစ်သူလဲ မဖြစ်ရလို့ဆိုတဲ့ အတွက် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD အဖွဲ့ဝင် တော်တော်များများ နိုင်ငံရေး ပါတီဝင် ဖြစ်ခွင့်မရအောင် ကန့်သတ်ထားသလို ဖြစ်နေတယ်လို့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ရွေးကောက်ခံ ကိုယ်စားလှယ်တယောက်ဖြစ်တဲ့ ဦးမောင်မောင်အောင်က ဘီဘီစီကို ပြောပါတယ်။

နောက်တခါ ပါတီ ခေါင်းဆောင်တွေ သာမက ပါတီဝင်တွေပါ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ပါမယ်လို့ ဝန်ခံချက်ကို လက်မှတ်ထိုးရမယ်ဆိုတဲ့ ကန့်သတ်ချက် တခုလဲ ဥပဒေထဲမှာ ပါလာပါတယ်။

ဒီအချက်ကလည်း ၂၀၀၈ ခုနှစ် အခြေခံဥပဒေနဲ့ ပတ်သက်ပြီး အငြင်းပွားနေကြတာ၊ ပြင်ဆင်ဖို့ တောင်းဆို နေကြတာတွေကို ကြိုကာလိုက်တဲ့ သဘောလို့ သုံးသပ်သူတွေက ပြောကြပါတယ်။

Image caption ပြည်တွင်းမှာလည်း ဒီဥပဒေတွေကို စိတ်ဝင်စား

တခါ လက်ရှိရပ်တည်နေဆဲ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်လို နိုင်ငံရေးပါတီ တွေကလည်း ဆက်ပြီး ရပ်တည်လိုရင် ရက်ပေါင်း ၆၀ အတွင်း ကော်မရှင်ကို တင်ပြ လျှောက်ထားပြီး ကော်မရှင်က ခွင့်ပြုချက်ရရင် မှတ်ပုံတင်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

ဒါကလည်း ကော်မရှင်ကို ဘယ်သူတွေနဲ့ ဖွဲ့မယ်၊ ဘယ်တော့ဖွဲ့ မယ်ဆိုတာတောင် မသိရသေးခင် အခုကစလို့ ရက်ပေါင်း ၆၀ အတွင်း လျှောက်ထားရမယ်ဆိုတာ မသင့်တော်တဲ့ ကန့်သတ်ချက်တခု ဖြစ်တယ်လို့ ရွေးကောက်ခံ ကိုယ်စားလှယ် ဦးမောင်မောင်အောင်က ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ရွေးကောက်ပွဲအတွက် မှတ်ပုံတင်မယ် မတင်ဘူး ဆိုတာကို မဆုံးဖြတ်သေးဘူးလို့ ပြောထားပါတယ်။

ရွေးကောက်ပွဲတွေ ကျင်းပမယ့် ရက်ကိုတော့ အစိုးရက ထုတ်ပြန်ကြေငြာတာ မရှိသေးပါဘူး။