ဒေါ်အောင်ဆန်းစုကြည် မပါရင် ပါတီမှတ်ပုံမတင်သင့်

ဒေါ်အောင်ဆန်းစုကြည်ကြောင့် ၁၉၉၀ ရွေးကောက်ပွဲမှာ NLD အနိုင်ရခဲ့တာ ဖြစ်ပြီး တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကို ပါတီထဲက ထုတ်ပယ်ပြီး ဝင်အရွေးခံရင် ၂၀၁၀ ရွေးကောက်ပွဲမှာ NLD ပါတီ အနိုင်ရမဲ့ ပုံမျိုးမရှိဘူးလို့ ရွေးကောက်ခံ NLD လွှတ်တော်အမတ် တဦးက ပြောပါတယ်။

Image caption ပါတီမှတ်ပုံတင်ရေးအပေါ် NLD အဖွဲ့တွင်း သဘောကွဲနေ

မြန်မာနိုင်ငံမှာ အစိုးရ ထုတ်ပြန်တဲ့ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ ရက်ပေါင်း ၆၀ အတွင်း ပါတီတွေ မှတ်ပုံတင်ရဖို့ ရှိနေပါတယ်။

နိုင်ငံရေး ပါတီတွေထဲမှာ အဓိက ပါတီကြီး တခုဖြစ်တဲ့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့လည်း ပါတီ မှတ်ပုံတင်ရေး၊ မတင်ရေး ကိစ္စကို လာမဲ့ ၂၉ရက်နေ့မှာ ပြုလုပ်မဲ့ ပါတီတွင်း ဗဟို ဦးစီးအဖွဲ့ဝင် အစည်းအဝေးမှာ ထည့်သွင်း ဆွေးနွေးမယ်လို့ သိရပါတယ်။

ထောင်သွင်းအကျဉ်း ကျနေသူတွေကို ပါတီတွင်းမှာ လက်မခံရ ဆိုတဲ့ အစိုးရရဲ့ ရွေးကောက်ပွဲ ဥပဒေအရ အကျယ်ချုပ် ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပယ်ပစ်မှသာ ပါတီမှတ်ပုံတင်ခွင့် ရမယ်ဆိုရင် NLD ပါတီအနေနဲ့ ပါတီ မှတ်ပုံ မတင်သင့်ဘူးဆိုတဲ့ သဘောထား အမြင်တွေလည်း NLD ပါတီတွင်းမှာ ထွက်ပေါ် နေပါတယ်။

ရွှေဂုံတိုင် ကြေညာစာတမ်းကို အခိုင်အမာ ကိုင်စွဲထားတဲ့ NLD အနေနဲ့ ပါတီ ရှင်သန်ရေးကို အကြောင်းပြပြီး ရွေးကောက်ပွဲ ဝင်မယ်ဆိုရင် ပါတီ မျက်နှာ မလှ ဖြစ်သွားနိုင်တယ်လို့ သူ့အနေနဲ့ ယူဆကြောင်း မိထ္ထီလာ မြို့နယ် NLD ဥက္ကဌ ဒေါက်တာ သိန်းလွင်က ဘီဘီစီကို ပြောပါတယ်။

ဒေါ်စုမှတပါး အခြားမရှိ ဆိုပြီး ပုဂ္ဂိုလ်ရေး ကိုးကွယ်တာ မဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကနေ လွတ်လာတဲ့အထိ အချိန်ယူ စောင့်လိုတဲ့ သူ့လို လူမျိုးတွေ ရှိနေသလို ပါတီ ရှင်သန်ရေး အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပယ်ပြီး ပါတီ မှတ်ပုံတင်လိုသူတွေလည်း ရှိနေတာမို့ NLD ပါတီတွင်းမှာ သဘောထား ကွဲလွဲမှုတွေ ရှိနေတယ်လို့ ဒေါက်တာ သိန်းလွင်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် မပါဘဲ ပါတီမှတ်ပုံ မတင်ဖို့ သာစည်၊ ဝမ်းတွင်း စတဲ့ မိတ္ထီလာ ခရိုင်တွင်း NLD အဖွဲ့ဝင်တွေအနေနဲ့ အဖွဲ့ချုပ်ကို ဝိုင်းဝန်း ကန့်ကွက်ကြဖို့ ရှိပြီး ဒီကိစ္စကို ၂၉ရက်နေ့ကျရင် ပါတီတွင်း ဗဟို ဦးစီးအဖွဲ့ဝင် အစည်းအဝေးမှာ တင်ပြဖို့ စီစဉ်ထားတယ်လို့ ဒေါက်တာ သိန်းလွင် က ဘီဘီစီကို ပြောပါတယ်။