နစ်နာသူဖြစ်လို့ ကုစားခံချင်လို့ ဦးတင်ဦးပြော

ဒီကနေ့မှာ အင်န်အယ်လ်ဒီ ဒုတိယဥက္ကဌ ဦးတင်ဦးနဲ့ ပြင်သစ်၊ တောင်ကိုရီးယား နိုင်ငံတွေက သံတမန်တွေ တွေ့ဆုံခဲ့ပြီး သံတမန်တွေက အင်န်အယ်လ်ဒီ အနေနဲ့ ရွေးကောက်ပွဲ ဝင်မလား မဝင်မလားကို အဓိက မေးမြန်း ခဲ့တယ်လို့ ဦးတင်ဦးက ပြောပါတယ်။

Image caption အင်န်အယ်လ်ဒီ ဒုတိယ ဥက္ကဌ ဦးတင်ဦး

ဒေါ်အောင်ဆန်းစုကြည် မနေ့က ပြောခဲ့တဲ့ ပါတီမှတ်ပုံတင်တာကို မကြိုက်တဲ့ အကြောင်းကိုလည်း သံတမန်တွေကို ထပ်ပြောပြခဲ့တယ်လို့ သူက ဆိုပါတယ်။

မနေ့ကပဲ တရားရုံးချုပ် ရန်ကုန်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို အင်န်အယ်လ်ဒီ ဥက္ကဌ ဦးအောင်ရွှေ တရားလိုပြု တရားစွဲတာကို ပယ်ချခံရတာနဲ့ ပတ်သက်ပြီး နစ်နာသူ အနေနဲ့ ကုစားခံချင်တာကြောင့် ဆက်လက် ဆောင်ရွက် မယ်လို့ ဦးတင်ဦးက ပြောပါတယ်။

နစ်နာသူဆိုတာမှာ အင်န်အယ်လ်ဒီ အနေနဲ့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီး နောက်ပိုင်းမှာ ဗိုလ်ချုပ်မှူးကြီး စောမောင် ၁၊ ၉၀ နဲ့ကတိပြု ပြောကြားခဲ့တဲ့ လွှတ်တော် မခေါ်ပေးတာကို ခံစား နစ်နာဆဲ ဖြစ်တာရယ်၊ အခုလို တရားရုံးချုပ်က ဘာမှ လက်ခံ မစဉ်းစားဘဲ တန်ဖိုးထား တုန့်ပြန်မှု မရှိတာရယ်ကို ရည်ညွှန်း ပြောခဲ့တာ ဖြစ်ပါတယ်။

လာမဲ့ မတ်လ ၂၉ ရက်နေ့မှာ အင်န်အယ်လ်ဒီပါတီရဲ့ အနာဂတ်ဖြစ်တဲ့ ပါတီ မှတ်ပုံတင်မလား မတင်ဘူးလား ဆိုတာကို ဆွေးနွေးဆုံးဖြတ်မှာကိုတော့ ဦးတင်ဦးက ပါတီက အဓိက တာဝန်ရှိသူ သူ့အနေနဲ့ အများစုပြောတာကို လိုက်နာဆောင်ရွက်မယ်၊ အနည်းစု ပြောတာကိုလည်း လေးစားမယ်လို့ ဆိုပါတယ်။

မတ်လ ၂၉ ရက်နေ့မှာ ဆုံးဖြတ်မဲ့ အများရဲ့ ဆန္ဒကိုတော့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း လိုက်နာ ဆောင်ရွက်လိမ့်မယ်လို့ ဦးတင်ဦးက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အလေးအနက် ပြောတာတွေကို အလေးအနက် လိုက်နာဆောင်ရွက် သွားရင် ကောင်းမွန်တဲ့ နိုင်ငံရေး အခင်းအကျင်း ဖြစ်သွားမယ်လို့ ဦးတင်ဦးက ပြောပါတယ်။