ဆီနိတ်တာ ဂျင်ဝက်ဘ် မြန်မာခရီးစဉ် ဖျက်သိမ်း

အမေရိကန်အထက်လွှတ်တော် ရဲ့အရှေ့အာရှနဲ့ ပစိဖိတ်ဒေသ ဆိုင်ရာ နိုင်ငံခြား ရေးရာကော်မတီ ဥက္ကဌ ဂျင်ဝက်ဘ် က မြန်မာနိုင်ငံ ခရီးစဉ်ကို ဖျက်သိမ်း လိုက်ပါတယ်။

Image caption မြန်မာ အစိုးရရဲ့ နျူးကလီးယား စီမံကိန်း ကြောင့် ခရီး စဉ် ပျက်

အထက်လွှတ်တော်အမတ် ဂျင်ဝက်ဘ် အနေနဲ့ အချိန် ကပ်ပြီးမှ သူ့ ခရီးစဉ် ဖျက်သိမ်းလိုက် ရတဲ့ အကြောင်းက မြန်မာစစ်အစိုးရဟာ နျူးကလီးယားလက်နက် အစီအစဉ်အတွက် မြောက်ကိုရီးယားနဲ့ ပူးပေါင်း ဆောင်ရွက်နေ တယ် ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်လာလို့ ဖြစ်တယ်လို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်စဉ်မှာ ထုတ်ဖော် ပြောခဲ့သလို သူ့ ရုံးက ထုတ်ပြန်တဲ့ ကြေညာချက်မှာ လည်း ဖော်ပြထား ပါတယ်။

အယ်လ်ဂျာဇီရား Al Jazeera ရုပ်မြင်သံကြားမှာ မနက်ဖြန် ထုတ်လွှင့်မယ့် အစီအစဉ်မှာ မြန်မာ နိုင်ငံက ထွက်ပြေးလာတဲ့ တပ်မတော် အရာရှိ တစ်ယောက်က မြန်မာ အစိုးရ ရဲ့ နျုးကလီးယား လက်နက် စီမံကိန်းနဲ့ ပတ်သက်တဲ့ အထောက်အထားတွေ ပြောထားတာ ရှိတယ်လို့ လည်း မစ္စတာ ဝက်ဘ်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ ပါတယ်။

ပြီးခဲ့တဲ့လက အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ကာ့တ်ကမ်းဘဲလ် ရဲ့ မြန်မာ ခရီးစဉ် အပြီးမှာ မြန်မာနဲ့ မြောက်ကိုရီးယား အကြား နျူးကလီးယား လက်နက် နဲ့ ပတ်သက်ပြီး ဆက်စပ်မှု ရှိတယ်လို့ စွပ်စွဲချက် လည်း ရှိခဲ့တာမို့ ဒီလို စွပ်စွဲချက် နှစ်ခု ရှိနေချိန်မှာ သူ မြန်မာ နိုင်ငံကို သွားဖို့ မသင့်တော်တဲ့ အတွက် ခရီးစဉ်ကို ဖျက်သိမ်းတာ လို့ မစ္စတာ ဝက်ဘ်က ပြောပါတယ်။

ဒါပေမဲ့ မစ္စတာ ဝက်ဘ်က သူ့ အနေနဲ့ ဆွေးနွေးမှု တွေလုပ်နိုင်မယ့် အခြေအနေမျိုး ဆိုရင် မြန်မာ နိုင်ငံကို သွားမယ်လို့ ဆိုပါတယ်။ သူ့ ခရီးစဉ် အတွင်းမှာ မြန်မာ အစိုးရနဲ့ သာမက နိုင်ငံရေးပါတီတွေ နဲ့ရော အန်ဂျီအို အစိုးရ မဟုတ်တဲ့ အဖွဲ့ အစည်းတွေနဲ့လည်း တွေ့ဖို့ ရှိတာမို့ အခု ပြဿနာကို ရှင်းရှင်းလင်းလင်း မသိရသေးဘဲနဲ့ ဆိုရင်တော့ နှစ်နိုင်ငံ ဆွေးနွေး ကြတဲ့ နေရာမှာ သတိထား ပြောဆို နေကြရလိမ့်မယ်လို့ လည်း သူက ပြောပါတယ်။

ဒါ့ အပြင် အမေရိကန်နဲ့ မြန်မာ နိုင်ငံကြားဆွေးနွေးမှုတွေ ပိုမို ထိရောက် စေရေး အတွက် မြန်မာ နိုင်ငံ ဆိုင်ရာ အမေရိကန် သံတမန် တစ်ယောက် ခန့်အပ်ဖို့ သမ္မတ အိုဘားမားကို သူ တိုက်တွန်း မယ်လို့ အမေရိကန် အထက်လွှတ်တော် အမတ် ဂျင်ဝက်ဘ်က ထုတ်ဖော် ပြောခဲ့ပါတယ်။