ဒေါ်အောင်ဆန်းစုကြည်လွှတ်ပေးဖို့ နိုင်ငံတကာတောင်းဆို

Daw Suu
Image caption ၁၅ နှစ်နီးပါး အကျယ်ချုပ်ချခံထားရ

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၅ နှစ်မြောက် မွေးနေ့မှာ အမေရိကန်သမတ အိုဘားမားက ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ချက်ချင်းနဲ့ ခြွင်းချက်မရှိလွတ်ပေးဖို့ မြန်မာအစိုးကို တောင်းဆိုလိုက်သလို အားလုံးပါဝင်တဲ့နိုင်ငံရေးလုပ်ငန်းစဉ်တစ်ခုဆီသွားဖို့ တိုက်တွန်းလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်အောက်မှာ အကြိမ်ကြိမ် နေရတာမှာ စုစုပေါင်းဆိုရင် ၁၅ နှစ်နီးပါး ရှိနေပါပြီ။

သူ့ရဲ့ ခိုင်မာတဲ့စိတ်ဓာတ်၊ ရဲစွမ်းသတ္တိနဲ့ စွန့်လွှတ်အနစ်နာခံမှုတွေအတွက် သမတ အိုဘားမားက ဂုဏ်ပြုချီးမွန်းပြောဆိုပါတယ်။

Image caption အမေရိကန်က ဆန္ဒပြသူများ

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကလည်း အလားတူ တောင်းဆိုသလို ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကျခံ နေရတဲ့အပေါ် စိုးရိမ်မကင်း ဖြစ်မိကြောင်း ပြောပါတယ်။

နိုင်ငံတကာရောက် မြန်မာတွေနဲ့ မြန်မာ့အရေး စိတ်ဝင်စားသူတွေကလည်း ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်း ပွဲတွေ၊ အထိမ်းအမှတ် ဆန္ဒပြပွဲတွေ လုပ်ကြပါတယ်။

ဂုဏ်ပြုစကားဆိုကြ

ဒေါ်အောင်ဆန်းစုကြည်လို ငြိမ်းချမ်းရေးနိုဘယ်ဆုရဖူးတဲ့ တောင်အာဖရိကနိုင်ငံက ဘုန်းတော်ကြီး ဒက်စမွန် တုတုက ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အတွက် ဂုဏ်ပြု စကားပြောတာကတော့ ''အိမ်အကျယ်ချုပ်ချခံထားတာ ၁၅ နှစ်ရှိပြီဆိုတာ တော်တော်လေး ထူးဆန်းအံ့သြစရာပါပဲ။ ဒါပေမယ့် ဒီအချက်ဟာ ကျွန်တော်တို့ကမ္ဘာရဲ့ စိတ်ဓာတ်စာရိတ္တဆိုင်ရာ သဘာဝတရားတစ်ခုကို ပြောပြနေပါတယ်။ လက်နက်အပြည့် တပ်ဆင်ထားကြသူတွေက ဘာလက်နက်မှမရှိတဲ့ အမျိုးသမီး တစ်ယောက်ကို ကြောက်နေ ကြရတယ်။ သူ့မှာ ရှိတာက စံနှုန်းမြင့်တဲ့ အကျင့်စာရိတ္တနဲ့ ရဲစွမ်းသတ္တိပါ'' လို့ ပြောပါတယ်။

Image caption ဘာလက်နက်မှမရှိတဲ့ အမျိုးသမီးကို လက်နက်ကိုင်ထားသူတွေက ကြောက်နေကြတယ်လို့ ဘုန်းတော်ကြီးကပြော

ဒေါ်အောင်ဆန်းစုကြည် ငယ်ရွယ်စဉ်ကတည်းက အဒေါ်တစ်မျှ ခင်မင်ရင်းနှီးတဲ့ ဗြိတိန်နိုင်ငံက လေဒီဂိုးဘုသ်ကတော့ ''ကျွန်မ သူနဲ့ ပြန်ဆုံ တွေ့ချင်ပါသေးတယ်။ နောက်ပြီး သူ့အတွက် အရာရာတိုင်းမှာ ပျော်ရွှင်ချမ်းမြေ့ ပါစေလို့ ဆုတောင်းသလို သူ့အတွက် ကောင်းမွန်တဲ့ ခွန်အားတွေ အမြဲရှိစေ ကြောင်း ဆုမွန်ကောင်း တောင်းပေးပါတယ်'' လို့ ပြောပါတယ်။

တစ်ခါ ဥရောပသမဂ္ဂအတွင်းမှာရှိတဲ့ ဥရောပ ၁၆ နိုင်ငံက ပါလီမန် အမတ်တွေ ပါဝင်တဲ့ မြန်မာ့အရေးဆိုင်ရာ ဥရောပပါလီမန် အမတ်များအဖွဲ့ ကလည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနဲ့ မြန်မာပြည်ကို နိုင်ငံတကာက လက်နက် မရောင်းချရေးတွေကို လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။ နောက်ပြီး နိုင်ငံရေး အကျဉ်းသားတွေ ရှိနေဆဲမှာ ရွေးကောက်ပွဲ လုပ်တာဟာ တရားမျှတမှုရှိမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

အက်စတိုးနီယားနိုင်ငံက ဥရောပပါလီမန် အမတ်တစ်ဦးဖြစ်တဲ့ မစ္စတာ Silver Meiker က '' ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာပြည်သူတွေကို အလေး အနက်ထား ကူညီချင်တဲ့ နိုင်ငံရေးသမားတွေ၊ ကမ္ဘာ့နိုင်ငံတွေ ရှိနေတယ် ဆိုတာ ပြောချင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံး လွတ်မြောက်ဖို့ ဥရောပလွှတ်တော် အမတ်တွေက နိုင်ငံတကာနဲ့အတူ တတ်နိုင်တဲ့ဘက်က ဖိအားပေး ဆောင်ရွက်သွားမယ်'' လို့ ပြောပါတယ်။

မီဒီယာတွေမှာ ဝေဝေဆာဆာ

Image caption သည်နေရှင်း သတင်းစာ အင်တာနက်စာမျက်နှာပေါ်က မွေးနေ့ဆုတောင်း

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့မှာ သူ့အ ကြောင်း ဒေသတွင်းနဲ့ နိုင်ငံတကာ သတင်း မီဒီယာတွေမှာ ဖော်ပြနေတာတွေလည်း တွေ့ရပါတယ်။

ထိုင်းနိုင်ငံက The Nation အင်တာနက် အဖွင့်စာမျက်နှာမှာတော့ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံနဲ့အတူ Happy Birthday Aung San Suu Kyi ဆိုပြီး မွေးနေ့ဆုမွန်ကောင်း တောင်းထားတာ စာလုံးအကြီးကြီးနဲ့ ရေးထားပါတယ်။

မနေ့တုန်းကလည်း ဗြိတိန်က အထင်ကရ သတင်းစာကြီးတွေမှာ မျက်နှာဖုံးသတင်း ဆောင်းပါးအဖြစ် ဖော်ပြတာတွေလည်း တွေ့ရပါတယ်။