မြန်မာ ငတ်မွတ်မှုပြဿနာ တိုက်ဖျက်

Rice
Image caption မြန်မာက ဆန်ထွက်သော်လည်း ငတ်မွတ်မှုရှိနေ

မြန်မာအပါအဝင် ကမ္ဘာ့လူဦးရေ စုစုပေါင်းရဲ့ ၆ ပုံတစ်ပုံလောက် ငတ်မွတ်ခေါင်းပါးမှု အန္တရာယ်နဲ့ကြံနေရလို့ ဒါကို တိုက်ဖျက်နိုင်ဖို့ လှုံ့ဆော်လှုပ်ရှား နေတယ်လို့ ရန်ကုန်မှာရှိတဲ့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ FAO ဌာနေ ကိုယ်စားလှယ် မစ္စတာ ရှင်း အီမိုင်းက ဘီဘီစီကို ပြောပါတယ်။

ငတ်မွတ်ခေါင်းပါးသူ သုံးပုံနှစ်ပုံဟာ မြန်မာအပါအဝင် အာရှနိုင်ငံတွေက ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံဟာ ဆန်စပါးထွက်ရှိပြီး ပြည်ပကို တင်ပို့နေတယ်လို့ ဆိုပေမယ့် အစားအစာမလုံလောက်တဲ့ ဒေသတွေ ရှိနေပါတယ်။

FAO စစ်တမ်းတစ်ခုအရ မြန်မာနိုင်ငံက မြို့နယ်ပေါင်း ၃၀၀ ကျော်မှာ မြို့နယ် ၅၀ ကျော်မှာ အစားအစာ မလုံလောက်တာ တွေ့ရတယ်လို့ ဖော်ပြပါတယ်။

အဲဒီလို အစားအစာ မလုံလောက်မှု ပြဿနာတွေကို ဖြေရှင်းဖို့ အစိုးရတွေနဲ့ အလှုရှင်နိုင်ငံတွေကို ဖိအားပေး ပြောနိုင်အောင် ပြည်သူလူထုတွေရဲ့ လက်မှတ်တွေကို လိုက်လံကောက်ခံနေတယ်လို့ မစ္စတာ ရှင်းအီမိုင်းက ပြောပါတယ်။

မြန်မာနိုင်ငံမှာ မနေ့တုန်းက စကာ လက်မှတ်တွေကောက်ခံနေပြီး ဇူလိုင်လအထိ လက်မှတ်ပေါင်း ၂ သောင်းကျော်စုစောင်းဖို့ ရည်ရွယ်ထားတယ်လို့ သူက ပြောပါတယ်။

အင်တာနက်အွန်လိုင်းကနေဆိုရင် www.1billionhungry.org ကနေ ပါဝင်ဆန္ဒပြုနိုင်တယ်လို့ သိရပါတယ်။