ကမ္ဘာ့စီးပွားရေးနလန်ထနေပြီလို့ဂိုက်တနာပြော

ကမ္ဘာစီးပွားရေးနလန်ထလာနေပြီလို့တင်မိုသီဂိုက်တနာပြော

Geithner
Image caption တင်မိုသီဂိုက်တနာ

ကနေဒါနိုင်ငံမှာ ကျင်းပပြုလုပ်နေတဲ့ ဂျီ ၂၀ ထိပ်သီး အစည်းအဝေး ကို တက်ရောက်လာတဲ့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး တင်မိုသီ ဂိုက်တနာက ဖွံ့ဖြိုးစ နိုင်ငံတွေက အားကောင်းတဲ့ စီးပွားရေးတိုးတက်မှုတွေနဲ့ အမေရိကန်ပြည်ထောင်စု အတွင်းက စီးပွားရေး တိုးချဲ့မှုတွေကြောင့် ကမ္ဘာ့စီးပွားရေးဟာ နလန်ထလာနေပြီလို့ ဆိုပါတယ်။

ဒါပေမယ့် ဥရောပနိုင်ငံတွေနဲ့ ဂျပန်တို့ဟာ ပြည်တွင်းဝယ်လိုအားကို ပြည့်မီအောင် ဖြည့်တင်းနိုင်ဖို့ ပြည်ပနိုင်ငံတွေကနေ ဝယ်ယူတင်သွင်းမှု တွေလုပ်သင့်သလောက် မလုပ်ကြဘူးလို့လဲ ဝေဖန်လိုက်ပါတယ်။

အစောပိုင်းမှာ အာဂျင်တီးနား သမ္မတ ခရစ်စတီးနား ဖာနန်ဒက်စ်က ၂၀၀၁ ခုနှစ်က အာဂျင်တီးနား နိုင်ငံမှာ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေနဲ့ နှိုင်းယှဉ်ပြီး ဥရောပနိုင်ငံတွေဟာ နိုင်ငံတော်ကြွေးမြီတွေကို လျှော့ချရေးအတွက်သာ အာရုံစိုက်နေကြလို့ လမ်းကြောင်းတွေလွဲနေကြပြီလို့ ပြောပါတယ်။

ဒီအစည်းအဝေးကို တက်ရောက်လာကြတဲ့ ဂျီ ၈ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကိုလွှတ်ပေးဖို့နဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ကြိုးပမ်းကြဖို့ ကိုတောင်းဆိုလိုက်ပါတယ်။