ကချင်ကိုယ်စားပြု ပါတီများရဲ့ ရှေ့အလားအလာ

Kachin Manaw
Image caption နအဖကို ထောက်ခံသူတွေကိုသာ ပါတီဖြစ်ခွင့် ပြုမှာလို့ ဝေဖန်မှုတွေရှိနေ

ကချင်ပြည်တိုးတက်ရေးပါတီ (KSPP) က သူတို့ကို ပါတီအဖြစ်ခွင့်ပြုဖို့ ရွေးကောက်ပွဲ ကော်မရှင်ကို မေတ္တာရပ်ခံပန်ကြားထားတာ ဒုတိယအကြိမ် ရှိသွားပြီ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကချင်ပြည်နယ်ကို ကိုယ်စားပြု တဲ့ KSPP၊ ညီညွတ်သော ဒီမိုကရေစီပါတီ(ကချင်ပြည်)၊ ရှမ်းပြည်မြောက်ပိုင်း တိုးတက်ရေးပါတီတို့ကို မြန်မာရွေးကောက်ပွဲ ကော်မရှင်က ပါတီအဖြစ် ခွင့်မပြုသေးပါဘူး။

ကချင်ပြည်တိုးတက်ရေးပါတီက ဒီကိစ္စနဲ့ ပတ်သက်ပြီး နေပြည်တော်မှာ သွားရောက် ဆွေးနွေးခဲ့ပေမယ့် အလားအလာ သိပ်မကောင်းဘူးလို့လည်း သတင်းတွေ ထွက်ပေါ် နေပါတယ်။

ဒီပါတီတွေကို ခွင့်မပြုသေးဘဲ ကြန့်ကြာနေတာကြောင့် နအဖဟာ ရွေးကောက်ပွဲမှာ သူ့တို့ကို ထောက်ခံသူတွေကိုသာ ပါတီဖွဲ့ခွင့်ပြုမှာဖြစ်ပြီး၊ တခြား မလိုလားသူတွေ ကိုတော့ လက်ခံမှာ မဟုတ်ဘူးဆိုတဲ့ ဝေဖန်မှုတွေ ရှိနေပါတယ်။

ဒီလိုအခြေအနေမှာ မြန်မာစစ်အစိုးရရဲ့ ထိပ်တန်းခေါင်းဆောင်တွေလည်းဖြစ်၊ ကြံ့ခိုင်ဖွံ့ဖြိုး ရေးပါတီ ခေါင်းဆောင်တွေလည်းဖြစ်ကြတဲ့ ဦးအောင်သောင်းနဲ့ ဗိုလ်မှူးချုပ်သိန်းဇော်တို့က သူတို့နဲ့ ပိုနီးစပ်တဲ့ ဗိုလ်မှူးကြီး လဆန်အောင်ဝါကို ပါတီဖွဲ့ဖို့ တိုက်တွန်းထားတယ်လို့ ကချင် သတင်းအေဂျင်စီ (KNG) မှာ ဖော်ပြထားပါတယ်။

အခုလို ကချင်ပြည်နယ် ကိုယ်စားပြုအဖွဲ့တွေကို ပါတီအဖြစ် ခွင့်မပြုသေးပဲ နအဖက သူတို့နဲ့ နီးစပ်သူတွေကို ပါတီဖွဲ့ဖို့ တိုက်တွန်းတာဟာ အရမ်းထူးခြားပြီး၊ နအဖအနေနဲ့ သူ့တို့အလိုကျ တိုင်းရင်းသားတွေကို နိုင်ငံရေးပါတီဖွဲ့ဖို့ တွန်းအားပေးနေတယ်လို့ KNG မှ ကိုနော်ဒင်က ပြောပါတယ်။

အခုလိုဖြစ်ရတာဟာ ကေအိုင်အေက နယ်ခြားစောင့်တပ်ဖွဲ့တာကို လက်မခံလို့ ကချင်ပြည်က ပါတီတွေကို ခွင့်မပြုသေးပဲ ကြန့်ကြာအောင် လုပ်နေတာ ဖြစ်တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

အဓိကကျတဲ့ အချက်ကတော့ ရွေးကောက်ပွဲလုပ်တဲ့အခါမှာ ကချင်ပြည်နယ် ကိုယ်စားပြုတဲ့ ပါတီတွေကို ကြံ့ဖွံ့ပါတီက မယှဉ်နိုင်ဖြစ်မှာကို နအဖက အထူးစိုးရိမ်နေတာ ဖြစ်တယ်လို့ ကိုနော်ဒင်က သုံးသပ်ပါတယ်။

အဲဒီအတွက်ကြောင့် သူတို့နဲ့ နီးစပ်တဲ့ ကချင်လူမျိုး ဗိုလ်မှူးကြီး လဆန်အောင်ဝါကို ပါတီဖွဲ့ဖို့ စည်းရုံးနေတာဖြစ်ပြီး၊ ဗိုလ်မှူးကြီးအနေနဲ့လည်း နအဖ ပြောတာကို လွန်ဆန်နိုင်တဲ့ အခြေ အနေ မရှိဘူးလို့ ကိုနော်ဒင်က ပြောပါတယ်။