ကလေးစစ်သားကိစ္စ မြန်မာကို ကုလတိုက်တွန်း

karen child soldier
Image caption တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေမှာ ကလေး စစ်သားတွေ ရှိနေ

ကလေးစစ်သား အသုံးပြုမှု ပပျောက်ရေး အတွက် လက်နက်ကိုင် အုပ်စုတွေနဲ့ ကုလသမဂ္ဂ အဖွဲ့ကို တိုက်ရိုက် တွေ့ခွင့် ပြုဖို့ မြန်မာ နဲ့ ကိုလံဘီယာ အစိုးရတွေကို ကုလသမဂ္ဂ က တိုက်တွန်းလိုက်ပါတယ်။

ကလေးစစ်သား အသုံးပြုမှု ကိစ္စနဲ့ ပတ်သက်လို့ မြန်မာနဲ့ ကိုလံဘီယာ အစိုးရတွေက ကုလသမဂ္ဂ ကို လက်နက်ကိုင် အုပ်စုတွေနဲ့ တိုက်ရိုက် တွေ့ဆုံခွင့် မပေးကြဘူးလို့ ကုလသမဂ္ဂ ထိပ်တန်း တာဝန်ရှိ အမျိုးသမီး Radhika Coomaraswamy က မနေ့က ပြောပါတယ်။

လက်နက်ကိုင် အဖွဲ့တွေနဲ့ တိုက်ရိုက် တွေ့ခွင့် ရခဲ့တဲ့အတွက် ဆူဒန်၊ ဖိလစ်ပိုင်၊ နီပေါ၊ ကွန်ဂို ဒီမိုကရက်တစ် သမ္မတ နဲ့ အာဖရိက အလယ်ပိုင်း သမ္မတ နိုင်ငံတွေမှာ ကလေး စစ်သား ထောင်နဲ့ ချီပြီး ကယ်တင်နိုင်ခဲ့တယ်လို့ Radhika Coomaraswamy က ပြောပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရစစ်တပ်ရော၊ အစိုးရနဲ့ အပစ်ရပ်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရော၊ နောက် အပစ်မရပ်တဲ့ လက်နက်ကိုင် အဖွဲ့တွေမှာပါ ကလေးစစ်သားတွေ ရှိနေတယ်လို့ ILO အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ရဲ့ ဌာနေ ကိုယ်စားလှယ် Steve Marshall က ပြောပါတယ်။

ဒါပေမယ့် ကလေးစစ်သားပပျောက်အောင် ဆောင်ရွက်ဖို့ အဲဒီနေရာတွေဆီ သွားရောက် စစ်ဆေးခွင့် မရသေးတာမို့ အစိုးရကနေ အပစ်ရပ်အဖွဲ့တွေနဲ့ တွေ့နိုင်အောင် စီစဉ် လုပ်ဆောင်ပေးဖို့ လိုသလို အပစ်မရပ်အဖွဲ့တွေနဲ့ သွားတွေ့ဖို့ကိုလည်း အစိုးရက မတားဆီးဖို့ လိုကြောင်း သူက ဘီဘီစီကို ပြောပါတယ်။

ILO ဟာ မြန်မာပြည်မှာ ကလေး စစ်သား အသုံးပြုမှု ပပေျာက်ရေးအတွက် အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်နေတဲ့ အဓိက အဖွဲ့တစ်ခု ဖြစ်ပါတယ်။

ကလေးစစ်သား ပပျောက်ရေးအတွက် စနစ်ကျတဲ့ လုပ်ငန်းစဉ် တစ်ခု ပေါ်လာအောင် လုပ်ရမှာ ဖြစ်ပြီး စောင့်ကြည့်လေ့လာရေးနဲ့ ကိုယ်တိုင် စုံစမ်း စစ်ဆေးတာမျိုးတွေ လုပ်နိုင်တဲ့ အဆင့်ကို ရောက်အောင် သွားမှသာ စစ်သားအဖြစ် အသုံးပြုခံရတဲ့ အရွယ်မရောက်သေးတဲ့ ကလေးတွေရဲ့ ဘဝကို ကူညီ ကယ်တင်နိုင်မှာ ဖြစ်ကြောင်း၊ ဒါ့ကြောင့် ကလေး စစ်သားတွေ သုံးနေတယ် ဆိုတဲ့ လက်နက်ကိုင် အဖွဲ့တွေဆီ ကိုယ်တိုင် သွားပြီး ညှိနှိုင်း ပြောဆိုနိုင်ရေးဟာ အရေးကြီးကြောင်း Steve Marshall က ပြောပါတယ်။

ILO အနေနဲ့ လောလောဆယ် တိုင်တန်းမှုတွေတဆင့် ကလေးစစ်သား တစ်ရာလောက် ကိုတော့ ကယ်ထုတ်နိုင်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ကလေးစစ်သား အရေအတွက် ဘယ်လောက် ရှိတယ်ဆိုတာ အတိအကျ မပြောနိုင်ပေမယ့် ကလေးစစ်သား ပြဿနာက ကျယ်ကျယ်ပြန့်ပြန့် ရှိနေဆဲပဲ ဖြစ်ပါတယ်။