ဘတ်စ်ကားစီး မိန်းကလေးတွေ အတွက် အန္တရာယ်

ကုလသမဂ္ဂ နဲ့ တခြား အဖွဲ့ အစည်း တချို့ရဲ့ စစ်တမ်း ကောက်ယူမှုတွေ အရ အိန္ဒိယ နိုင်ငံမှာ ရထားတွေ ဘတ်စ်ကားတွေ နဲ့ ခရီးသွားလာကြတဲ့ အမျိုးသမီး သုံးယောက်မှာ နှစ်ယောက်ဟာ အမျိုးသားတွေရဲ့ နှုတ်နဲ့ ဖြစ်စေ၊ လက်ထိ လက်ရောက်ဖြစ်စေ၊ ထိပါး စော်ကားခံကြ ရတယ်လို့ ပေါ်ထွက် လာပါတယ်။

Image caption လိုရာခရီး ရောက်နိုင်ဖို့ ရတဲ့နေရာကနေ ဒီလို တွယ်ကပ် စီးကြ ရတယ်

တခြားအာရှ နိုင်ငံ အတော်များများ မှာလည်း ဒီလို ဖြစ်လေ့ ရှိကြတယ်လို့ ကိုယ်တိုင် ကြုံတွေ့ ဖူးသူ တွေက ဘီဘီစီကို ပြောပြ ပါတယ်။

မြန်မာ နိုင်ငံမှာဆိုလည်း အလုပ်သွားအလုပ်ပြန် လိုရာခရီး ကို ရောက်နိုင်ဖို့ လူအများစုက ဘတ်စ် ကား နဲ့ ရထားတွေကို နေ့စဉ် အကြာကြီး စောင့်ရ၊ တိုးဝှေ့ စီးကြရ ပါတယ်။

အဲဒီအခါ အခွင့်ကောင်းယူတဲ့ အမျိုးသားတွေရဲ့ တမင် လိုက်ထိတွေ့ အသားယူတဲ့ စော်ကားမှု မျိုးကို ဘတ်စ်ကား ခရီးသည် အမျိုးသမီးတိုင်း လိုလို ကိုယ်တိုင် မခံရဘူးဆို ရင်တောင် မိတ်ဆွေ သူငယ်ချင်းတွေရဲ့ အတွေ့အကြုံ တွေကို တော့ ပြောပြ နိုင်ကြ ပါတယ်။

ဒါပေမဲ့ ဒီလို ပြုမူခံရတဲ့ အခါ ကျူးလွန်သူတွေကို ဘာမှ ပြန်မပြောရဲဘဲ ရှောင်လိုက်ရ တာတွေ၊ မရှောင်နိုင်တဲ့ အဆုံး ကြိတ်မှိတ် ခံလိုက်ရတာတွေ ရှိနေပါတယ်။ မတရား စော်ကားခံရတာကို ရှက်လို့ ပြန် မပြောရဲတာ ရှိသလို ပြဿနာ ရှည်မှာ စိုးလို့ ငြိမ် နေလိုက်ရတာလည်း ရှိတယ်လို့ ရန်ကုန်က ဘတ်စ်ကားစီး ခရီးသည် အမျိုးသမီးတွေက ပြောပါတယ်။

ဒီလို မတော်မတရားလုပ်တာ တွေကို မျက်စိရှေ့မှာ မြင်ရရင်တောင်မှ အမျိုးသားတွေ အနေနဲ့ က တိုက်ရိုက် ပါဝင် ဖြေရှင်းပေးနိုင်ခြင်းမရှိဘူးလို့ ရန်ကုန်က အမျိုးသား တစ်ယောက်က ပြောပါတယ်။ ဒါကလည်း ထိပ်တိုက် မတွေ့ချင်တာက တစ်ကြောင်း၊ ကိုယ့်ခရီး နှောင့်နှေးမှာ စိုးလို့ က တစ်ကြောင်း ကြောင့် ဝင်ပြီး မကယ်နိုင် တာလို့ ပြောပါတယ်။ ကိုယ့်နေရာ ကို ဖယ်ပေးလိုက်တာက လွဲရင် တခြား အကူအညီ ဘာမှ မပေးနိုင် ဘူးလို့ အဲဒီ အမျိုးသားကပဲ ပြောပါတယ်။

မြန်မာ နိုင်ငံမှာ ပြေးဆွဲတဲ့ ဘတ်စ်ကား စီးရေနဲ့ ခရီးသည် အရေအတွက် မမျှလို့ ကားတွေ ကြပ်သိပ် နေတာက ဒီလို ပြဿနာတွေ ဖြစ်လာရတဲ့ အကြောင်း တစ်ခု ဖြစ်တယ်လို့ သူက သုံးသပ် ပါတယ်။

တကယ်တော့ မြန်မာ့ လူ့ဘောင် အသိုင်း အဝိုင်းမှာ ဖြစ်နေတဲ့ ဒီ မတော်မတရားမှုတွေကို ပပျောက်အောင် နည်းလမ်းရှာဖို့ ကတော့ လိုအပ်နေပြီလို့ အများက ပြောနေကြ ပါတယ်။