KSPP ပါတီထောင်ခွင့် ရရေး ကြန့်ကြာနေ

မြန်မာနိုင်ငံမှာ ၂၀၁၀ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ လျှောက်ထားတဲ့ KSPP ကချင်ပြည်နယ် တိုးတက်ရေး ပါတီဟာ ပါတီ ထောင်ဖို့ ခွင့်ပြုချက် ခုချိန်ထိ မရသေးပါဘူး။

Image caption KSPP ဥက္ကဌ ဒေါက်တာတူးဂျာ (ဓာတ်ပုံ - KNG)

နိုင်ငံရေး ပါတီ အတော်များများကို ရွေးကောက်ပွဲ ကော်မရှင်က ခွင့်ပြုချက် ထုတ်ပေးခဲ့ပြီး ဖြစ်ပေမဲ့ စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ KIO ခေါင်းဆောင်ဟောင်း တချို့ ပါဝင်တဲ့KSPP ပါတီကိုတော့ ပါတီသစ် ဖြစ်တာရယ်၊ KIO ကချင် လွတ်မြောက်ရေး အဖွဲ့ရဲ့ အသွင် ကူးပြောင်းရေးကို စောင့်ကြည့်ချင် သေးတာရယ်ကြောင့် ဆိုပြီး ခဏစောင့်ဖို့ ပြောထားတယ်လို့ KSPP ဥက္ကဌ ဒေါက်တာ တူးဂျာ က ဘီဘီစီ ကို ပြောပါတယ်။

ဒါပေမဲ့ KSPP ပါတီဟာ KIO နဲ့ မဆိုင်တာကြောင့် KIO အဖွဲ့ နယ်ခြားစောင့် တပ်ဖွဲ့ရေးနဲ့ KSPP ပါတီ မှတ်ပုံတင်ခွင့် ပြုရေးကို မဆက်နွယ်သင့်ဘူးလို့ ဒေါက်တာ တူးဂျာက ပြောပါတယ်။

ပါတီ ထောင်ရေးမှာ အခုလို ကြန့်ကြာမှု အခက်အခဲတွေနဲ့ ရင်ဆိုင် နေရပေမဲ့လည်း အပြောင်းအလဲအတွက် ပထမ ခြေလှမ်း တရပ် အဖြစ် ဒီ ရွေးကောက်ပွဲကို ရှူမြင် ထား တဲ့ အတွက် ပြည်သူ ကြားထဲမှာ ပါတီ တရပ် ပေါ်လာဖို့ ကြိုးစားနေတာ ဖြစ်တယ်လို့ ဒေါက်တာ တူးဂျာ က ပြောပါတယ်။

KSPP ပါတီဟာ ဥပဒေ၊ နည်းဥပဒေတွေ အရ ဖွဲ့စည်းထားတာ ဖြစ်ပြီး တခြား တိုင်းရင်းသား တွေလိုပဲ ကချင် တိုင်းရင်းသားတွေကိုလည်း မြန်မာ စစ်အစိုးရက အလားတူ အခွင့် အရေး ပေးမယ်လို့ သူ့အနေနဲ့ တထစ်ချ ယုံကြည်ထားတယ်လို့ ဆိုပါတယ်။

ပါတီ ထောင်ခွင့် လျှောက်ထားတဲ့ တိုင်းရင်းသား ပါတီတွေထဲမှာ KSPP ကချင်ပြည်နယ် တိုးတက်ရေး ပါတီ၊ UDP-K ညီညွတ်သော ဒီမိုကရေစီ ပါတီ နဲ့ NSSPP ရှမ်းပြည်မြောက်ပိုင်း တိုးတက်ရေး ပါတီတို့ ခွင့်ပြုချက် မရသေးဘဲ ဖြစ်နေပါတယ်။