မပြေလည် မလောက်ငလို့ တပ်က နုတ်ထွက်ကြ

မြန်မာစစ်တပ်တွင်း မကျေလည်မှုတွေ၊ လစာ မလောက်ငှလို့ စားဝတ်နေရေး ကြပ်တည်းမှုတွေကြောင့် တပ်မတော်သားတွေ အစုလိုက် အပြုံလိုက် နုတ်ထွက်ခွင့် တောင်းခံ နေတာ၊ ခွင့်မဲ့ပျက်ကွက်ပြီး တပ်ကို ပြန်မသွားတော့တာတွေ ရှိနေ ပါတယ်။

Image caption ဗိုလ်ချုပ်ကြီးတွေက သိပ်ချမ်းသာကြတယ် တပ်သားတွေကျတော့ ဒုက္ခရောက်ကြတယ်

ကျွန်တော်က တပ်သားပါ၊ တပ်သားလစာ ၂၅၀၀၀ လောက်ပဲ ရတယ်၊ မလောက်ဘူး။ အပြင်မှာ လုပ်ရင် ၅၀၀၀၀ ကနေ ၈၀၀၀၀ ကျပ် လောက် ရတယ်။ တပ်ထဲ ဝင်တာ အနေအစား ချောင်မလားလို့ ဝင်တာ၊ တပ်ထဲမှာက ပိုဆိုးနေတယ်လို့ ရှမ်းပြည်နယ် ကလောမြို့ အခြေစိုက် တပ်မ ၅၅ လက်အောက်ခံ နောင်ချို အခြေစိုက် ခမရ ၁၇ က တပ်သား တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

တပ်ကပြေးရင် အရေးယူတယ် ဆိုပေမယ့် လွတ်အောင်တော့ ပြေးရတာပဲလို့ သူက ဆိုပါတယ်။ တပ်က ပြေးတာရော၊ ထွက်စာ တင်တာရော၊ ခွင့်မဲ့ ပျက်ကွက်တာ တွေရော ရှိတယ်လို့လည်း ပြောပါတယ်။

Image caption ရဲဘော်တွေက ခိုင်းတာလုပ်ရတယ်၊ လိုအပ်ချက် တင်ပြတော့ အမိန့်ပဲ ပြန်ပေးတယ်

တပ်ရင်းမှူးက အစ နုတ်ထွက်စာ တင်တယ်။ သူ့ခမျာလည်း တပ်ရင်းရဲ့ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး အထွေထွေ အကြပ်အတည်း တွေကို ကိုယ်တိုင် ဖြေရှင်း ရတယ်၊ အထက်ကို လိုအပ်ချက်တွေ တင်ပြတော့လည်း အမိန့်ပဲ လာတယ်၊ သူတို့တွေ တော်တော် အခက်အခဲ ရှိပုံရတယ်၊ သူတို့တောင် ခက်ခဲတော့ ငယ်သားတွေ ပိုဆိုး တာပေါ့၊ ဒါကြောင့် ထွက်စာတွေ တင်ကြတာလို့ တပ်သားက ပြောပါတယ်။

တပ်ရင်းမှူးအပြင် ဒုအရာခံဗိုလ်၊ အကြပ် တပ်သား ရဲဘော်တွေက ဗျူဟာမှူးဆီ ထွက်စာတွေ တင်ထားပေမယ့် ခွင့်မပြုဘူး၊ ကြာပြီလို့ သူက ပြောပါတယ်။

ဒါ့အပြင် အရာရှိငယ်တွေ ဖြစ်တဲ့ ဒုဗိုလ်တွေ၊ ဗိုလ်တွေကလည်း မနက်ဘက် တန်းလည်း မစီတော့ဘူး၊ ညနေဘက် အပြင်ထွက်ပြီး ညဘက်လည်း ပြန်မဝင်ဘူး။ အပြင်ထွက် လောင်းကစားလုပ်၊ သောက်စား မူးယစ်တာတွေ လုပ်ကြတယ်၊ တပ်က ဖွဲ့စည်းပုံ ပျက်နေပြီလို့ တပ်သားက ဘီဘီစီကို ပြောပါတယ်။

လစာက နည်းရတဲ့ ကြားထဲ ဘဏ်မှာ စုရမယ် ဆိုပြီး၊ လစာကနေ တစ်လ ၅၀၀၀ ကျပ် ဖြတ်တယ်။ နှစ်ပေါက် လာပြီးနောက် လိုအပ်လို့ အဲဒီ စုငွေကို ထုတ်ပေးဖို့ ပြောတော့ ထုတ်ပေးလိုက်ရင် မင်းတို့ ပြေးမှာပဲ ဆိုပြီး မထုတ်ပေးဘူးလို့ သူက ပြောပါတယ်။

လစာ မလောက်ငတော့ အကြပ်၊ စစ်သည်တွေနဲ့ အရာခံဗိုလ်တွေရဲ့ မိန်းမတွေက စျေးရောင်း ရတယ်၊ ထင်းခုတ်၊ အပြင်ထွက် ပိုက်ဆံရှာ စတာတွေ လုပ်ပြီး စားဝတ် နေရေး ဖြေရှင်း နေရတယ်လို့ ဆိုပါတယ်။