တွင်းငယ်တောင်သူ့မြေယာ စစ်ဗိုလ်သိမ်း

မန္တလေးတိုင်း၊ သပိတ်ကျင်း မြို့နယ်၊ တွင်းငယ် တိုက်နယ် အပိုင်၊ တွင်းငယ်-မိုးမိတ် ကားလမ်းဘေး ဝဲယာက ယာမြေတွေကို နယ်မြေခံ လေ့ကျင့်ရေးတပ် အမှတ် ၁၃ ကို တာဝန်နဲ့ ရောက်လာတဲ့ စစ်တပ်က အရာရှိက သိမ်းယူ ခဲ့တယ်လို့ ဒေသခံ လယ်သမားက ဘီဘီစီကို ပြောပါတယ်။

Image caption ကုန်းလိုက်ရုန်းလိုက်နဲ့ လုပ်ကိုင်စားနေရတာ တောင် ရှိတဲ့မြေလေး ထပ်ပြီး အနိုင်ကျင့်လုခံရ

၁၉၇၄၊ ၇၅ ခုနှစ် ကထဲက နှစ်ပေါင်း ၃၀ ကျော်၊ ၄၀ နီးပါး ဓားမဦးချ နှမ်း၊ ပဲစင်းငုံ စိုက်ပျိုး နေတဲ့ တောင်သူတွေရဲ့ ယာမြေကို မြေစာရင်းရုံး နဲ့ ပေါင်းပြီး သိမ်းယူခဲ့တာ ဖြစ်ပါတယ်။ တောင် သူတွေက မသိနားမလည်လို့ နှစ်ပေါင်း များစွာ မြေခွန်စည်းကြပ်ခံပြီး ကိုယ့်မြေသူ့မြေ သတ်မှတ် ခွဲခြားလို့ နှစ်ပေါင်း ရှည်ကြာ ကထဲက လုပ်ကိုင် စားသောက်နေတာကို အခုမှ ဗိုလ်မှူး ဇော်ထွန်း ဆိုသူက သိမ်းယူခဲ့တာလို့ သိရပါ တယ်။

အရင်က တန်ဖိုး မရှိပါဘူး။ အခုတော့ ကာလတန်ဖိုး အရဆိုရင် အတောင် ၄၀ ပတ်လည် မြေတစ်ကွက်က ကျပ်ငွေ လေး ငါးသိန်း ဖြစ်လာလို့ တပ်မက် သွားပုံရတယ်၊ မိုးမိတ်-တွင်းငယ် ကားလမ်း နဘေးဖြစ်လို့ ကျွန်တော် အသိမ်း ခံရတာ အခုကာလ ပေါက်စျေးနဲ့ တွက်ရင် သိန်း ၁၂၀ လောက်ရှိမယ်လို့ တောင်သူ ဦးဘိုဖြူက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်နေ့က စပြီး သိမ်းယူခဲ့တာ ဖြစ်ပြီး၊ မြေစာရင်း ပုံစံ ၁၀၅ မှာ ဗိုလ်မှူး ဇော်ထွန်းရဲ့ ဇနီး နာမည်နဲ့ အမည်ပေါက် ဆောင်ရွက်ခဲ့တယ်။ မြေစာရင်းမှာ သူတို့ အမည်ပေါက်အောင် လုပ်ပြီး ဒီမြေကို သူတို့ ပိုင်သွားပြီဆိုပြီး ပြောလာတယ်လို့ ဦးဘိုဖြူက ပြောပါတယ်။

တစ်ရွာလုံးက ဒီလိုပဲ နေကြတာပဲ၊ ပုံစံ ၁၀၅ တွေ ဘာတွေလည်း မသိကြဘူး။ ကျွန်တော်လည်း အသက် ၆၀ ကျော်မှ ဒီလို အဖြစ်မျိုး ကြုံရတာပဲလို့ တောင်သူက ဆက်ပြောပါတယ်။ အခုလို အသိမ်းခံရပေမယ့် ဘာမှ မလုပ်နိုင်ဘူး၊ သူတို့က လက်နက်ကိုင်၊ ကျွန်တော်တို့က လက်နက်မဲ့ အထောင်းခံရမယ်လို့ ဦးဘိုဖြူက ဆိုပါတယ်။