မြန်မာ့အရေး အီးယူ ဘယ်လောက် ကွဲနေသလဲ

အဖွဲ့ဝင်ပေါင်း ၂၇ နိုင်ငံ ပါဝင်တဲ့ အီးယူ ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေကြားမှာ မြန်မာ နိုင်ငံနဲ့ ပတ်သက်တဲ့ ဘုံသဘောထား ရပ်တည်ချက် တစ်ရပ်ကို တရားဝင် ထုတ်ပြန်ထားတာ ရှိပေမဲ့ ချဉ်းကပ်ပုံ သဘောထားတွေ ကတော့ ကွဲလွဲနေတာ တွေ့ရပါတယ်။

Image caption EU နိုင်ငံတွေကြား မြန်မာကိစ္စ ကွဲလွဲမှု တွေ ကို အကြေအလည် ဆွေးနွေး ကြရ ဦးမယ်

အီးယူရဲ့ တရားဝင် ဘုံသဘော ရပ်တည်ချက် က ဒေါ်အောင်ဆန်း စုကြည်နဲ့ နိုင်ငံရေး အကျဉ်း သားတွေ အားလုံးကို လွှတ်ပေး ဖို့နဲ့ သုံးပွင့်ဆိုင် ဆွေးနွေးမှု ပြုလုပ်ဖို့ တို့ပဲ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ ဝင်မယ့် အမျိုးသား ဒီမိုကရေစီ အင်အားစုကို ဒီကနေ့ သွားရောက် တွေ့ဆုံခဲ့တဲ့ အီးယူ နိုင်ငံခြားဆက်ဆံရေးဆိုင်ရာ ညွှန်ကြား ရေးမှူးချုပ် နဲ့ သံတမန်တွေ လိုပဲ ဥရောပ ကိုယ်စားလှယ် တချို့က မြန်မာ အစိုးရနဲ့ နိုင်ငံရေး ပါတီတွေဆီ ဝင်ထွက်သွားလာ နေကြ ပါတယ်။ တဘက်မှာတော့ မြန်မာ နိုင်ငံ အပေါ် ပိုပြီး ဖိအားပေးဖို့ ဆန္ဒရှိတဲ့ နိုင်ငံတွေ ရှိနေပါတယ်။

လက်ရှိ အနေအထားမှာ အီးယူ အဖွဲ့ အတွင်း အုပ်စု သုံးစု ကွဲနေတဲ့ သဘော ရှိတယ် လို့ မြန်မာ့ အရေး လှုပ်ရှားတဲ့ ဗြိတိန် အခြေစိုက် Burma Campaign UK က ဒါရိုက်တာ Mark Farmaner က သုံးသပ်ပါတယ်။ လာမယ့် ရွေးကောက်ပွဲဟာ မြန်မာ့ နိုင်ငံရေး ပြဿနာ တွေကို ဖြေရှင်းပေးနိုင်မယ်လို့ မယူဆကြတဲ့ လူ့ အခွင့် အရေးနဲ့ ဒီမိုကရေစီရေးကို အဓိက ရှေ့တန်းတင် ကြတဲ့ အုပ်စုက တစ်ခု၊ ရွေးကောက်ပွဲဆိုတာ မရှိတာထက် စာရင် ရှိတာက ပိုကောင်းတယ်လို့ သဘောထားကြပြီး ပိတ်ဆို့ အရေးယူဖို့ အားမပေးတဲ့ အုပ်စုက တစ်ခု၊ ဘယ်ဘက်ကိုမှ မလိုက်ပဲ ကြားနေ သဘောရှိကြတဲ့ အုပ်စုက တစ်စုလို့ Mark Farmaner က ပြောပါတယ်။

သဘောထား မတူညီကြတဲ့ နေရာမှာလည်း အကြောင်းရင်း အများ အပြား ရှိနေကြပြီး စီးပွားရေး အကျိုး အမြတ်ကို ရှေ့တန်းတင် ကြတဲ့ နိုင်ငံ တွေက ပိတ်ဆို့ရေးကို အားမပေး ကြဘူး၊ လူ့ အခွင့် အရေး ကို ပဲ ရှေ့တန်းတင်ကြတဲ့ နိုင်ငံတွေ ကတော့ အဲဒါကို သူတို့ရဲ့ နိုင်ငံခြားရေး မူဝါဒတွေထဲမှာကို ထည့်သွင်း ထားကြတယ်လို့ သူက ဆက်ပြော ပါတယ်။

သူတို့ သဘောထားတွေ ဘယ်လိုပဲ ကွဲပြားနေပါစေ လာမယ့် ရွေးကောက်ပွဲ ပြီးသွားရင်တော့ လက်ရှိ သဘောထား မတူညီကြတဲ့ အီးယူ နိုင်ငံတွေကြားမှာ မြန်မာ့ အပေါ် ထားရှိတဲ့ မူဝါဒနဲ့ ပတ်သက်လို့ အကြေအလည် ဆွေးနွေးကြရလိမ့်ဦးမယ်လို့ ပိတ်ဆို့ အရေးယူတာကို ထောက်ခံတဲ့ Burma Campaign UK အဖွဲ့ ဒါရိုက်တာ Mark Farmaner က သုံးသပ် ပါတယ်။