စစ်သားတွေ မလောက်ငလို့ တပ်က ထွက်စာတင်ကြ

Image caption တော်လှန်ရေးနေ့ အခမ်းအနားမှာ စစ်ရေးပြမှု

တပ်မတော်ထဲမှာ အထက် အရာရှိ တချို့ စီးပွားဖြစ်နေချိန်မှာ တချို့ အောက်ခြေက အကြပ် တပ်သားတွေမှာတော့ မလောက်ငတဲ့ အတွက် တပ်ကနေ နှုတ်ထွက်စာ တင်ပြီး ထွက်ခွင့် မရသူတွေလည်း တပ်ကနေ ထွက်ပြေးနေတယ်လို့ မကြာသေးခင်က တပ်ကနေ ထွက်ပြေးခဲ့တဲ့ စစ်သား တယောက်က ဘီဘီစီကို ပြောပြပါတယ်။

တောင်ကုတ်မြို့ ခမရ ၅၅၄ တပ်ရင်းကနေ ထွက်ပြေးလာတဲ့ တပ်သား တယောက်က တပ်မိသားစုမှာ စားဝတ်နေရေး မပြေလည်ဘဲ တပ်မှာ ဝင်ငွေ မရှိဖြစ်နေကြောင်း၊ အထက်က ချပေးတဲ့ ရိက္ခာကလည်း တဝက်သာ ရပြီး ရတဲ့ တဝက်ကလည်း အရည်အသွေး ညံ့တဲ့ အစားအစာတွေ၊ ရက်လွန် မှိုတက် နေတဲ့ အစားအသောက်တွေသာ ဖြစ်နေတယ်လို့ ဘီဘီစီကို ပြောပြပါတယ်။

တပ်သားတယောက်ရဲ့ လစာကို ကျပ်နှစ်သောင်းခွဲ သတ်မှတ်ထားပေမယ့် ဖြတ်တောက်မှုတွေကြောင့် တကယ်တမ်းမှာ နှစ်သောင်း စွန်းစွန်းလောက်သာ အိမ်ပြန် သယ်နိုင်တယ်လို့ ဆိုပါတယ်။

အိမ်ထောင်ရှိတဲ့ တပ်သားတွေရဲ့ အခြေအနေဆို သိသိသာသာ ပိုဆိုးတယ်လို့ ပြောပြပါတယ်။

ခုလို ကြပ်တည်းမှုကြောင့် ထွက်စာတင်တဲ့ အထဲမှာ အရာရှိတွေ ထဲက တပ်ရင်းမှုး အဆင့်ထိပါတယ်လို့ အဲဒီ တပ်သားက ပြောပါတယ်။

တပ်ရင်းက တပ်ဖွဲ့ဝင် တွေထဲက တဝက် ဝန်းကျင်လောက်ထိက ထွက်စာတင်ကြပြီး တချို့လည်း ထွက်ပြေးကြတယ်လို့ ဆိုပါတယ်။

တပ်မတော်သားတွေ ရတဲ့ တရားဝင် လစာဟာ လောက်ငမှု မရှိတဲ့ အတွက် အပြင်ကနေ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ တပ်ရံပုံငွေ ဖြည့်မှုတွေဟာ စစ်တပ်ထဲမှာ အနှံ့အပြား ရှိနေပါတယ်။

ကိုယ်တာဝန်ကျရာ နယ်မှာ အခွန်ကောက်ပြီး တပ်ရံပုံငွေကို ရှာနေပေမယ့် ခုနောက်ပိုင်းမှာ ရတဲ့ အခွန်နဲ့လည်း မလောက်ငဘူးလို့ တပ်သားက ပြောပြပါတယ်။

တပ်တွင်း လစာ မလောက်ငမှုဟာ အောက်ခြေ အဆင့်က တပ်သားတွေတင်မက အထက်ပိုင်းက အရာရှိတွေကြားမှာလည်း တွေ့နေရတယ်လို့ ပြောပါတယ်။

တပ်က ထွက်ခွင့် မရတဲ့အခါမှာ မိသားစု ရှိသူများက ကြိတ်မှိတ် နေနေရပေမယ့် လူပျို လူလွတ်တွေ ကတော့ အလွယ်တကူပဲ ထွက်ပြေးနေကြတယ်လို့ ခမရ ၅၅၄ တပ်ရင်းကနေ ထွက်ပြေးလာတဲ့ တပ်သားက ဘီဘီစီကို ပြောပြခဲ့ပါတယ်။