မြန်မာ ပြည်မှာ ဒုံးကျည် ကာကွယ် ရေးတပ် ထူထောင်နေ

မြန်မာ စစ်အစိုးရက နိုင်ငံ တဝန်းမှာ မဟာ ဗျူဟာမြောက် ဒုံးကျည် ကာကွယ်ရေး စခန်းတွေ ထူထောင် နေတယ်လို့ သိရပါတယ်။

Image caption ၂၀၀၉ ခုနှစ်က မြောက်ကိုရီးယား စမ်းသပ်ခဲ့တဲ့ ဒုံး လက်နက်များ

ဒီအကြောင်းတွေကို စစ်တပ် သတင်းရပ်ကွက်က ပေါက်ကြားလာတဲ့ သတင်းတွေ အရ သိရတာလို့ ထိုင်းနိုင်ငံ အခြေစိုက် ဧရာဝတီ အင်တာနက် သတင်း ရေးသားသူ ဆောင်းပါးရှင် ကိုမင်းလွင် က ဘီဘီစီကို ပြောပါတယ်။

နိုင်ငံတကာမှာ ပြည်ပ ရန်ကို ကာကွယ်ဖို့ အတွက် ဆိုပြီး ဒုံးပျံ ကာကွယ်ရေး စနစ် ထားရှိကြတဲ့ အတိုင်း မြန်မာ နိုင်ငံမှာလည်း ထားရှိ သင့်တယ်လို့ ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ်က စတင် စဉ်းစားခဲ့ကြပြီး ၂၀၀၉ ခုနှစ် ရောက် တော့ ကကဒုံး ဆိုတဲ့ ကာကွယ်ရေး ဝန်ကြီးဌာန ဒုံးပျံ စစ်ဆင်ရေးမှူး ရုံးကို စတင် ထူထောင် ခဲ့တယ်လို့ သူတို့ ရရှိတဲ့ သတင်းတွေ အရ သိရတဲ့ အကြောင်း ကိုမင်းလွင်က ပြောပါတယ်။

ဒုံးပျံနဲ့ ပတ်သက်တဲ့ တပ်မ တွေကို ကျောက်ဆည်၊ မှော်ဘီ၊ ဘီးလင်း၊ မောင်လမြိုင်၊ ထားဝယ်၊ မြိတ်၊ စစ်တွေ၊ ကျိုင်းတုံ၊ လွိုင်ကော် စတဲ့ နေရာတွေမှာ အခြေတည် ဖွဲ့စည်း ထားတယ် လို့လည်း သူက ဆိုပါတယ်။

နိုင်ငံတကာ ကာကွယ်ရေးနဲ့ စစ်ရေးဆိုင်ရာ သတင်း တွေကို စုံစမ်း သတင်း ထုတ်ပြန် နေတဲ့ Jane's Defence Weekly ဂျာနယ်က အယ်ဒီတာ Peter Felstead ကတော့ မြန်မာ နိုင်ငံမှာ နျူးကလီးယား ထုတ်လုပ်ဖို့ ပြင်ဆင် ကြိုးစားမှုတွေ ရှိနေတယ်ဆိုတာ သိရပေမဲ့ Scud ဒုံးကျည်တွေ ရှိနေပြီ ဆိုတဲ့ သတင်းတွေကို အတိအကျ သူတို့ မရသေးဘူးလို့ ပြောပါတယ်။

နျူးကလီးယား လက်နက် ထုတ်ဖို့ ကြိုးစားတယ် ဆိုရင် အဲဒီ လက်နက်တွေကို ပစ်လွှတ်နိုင်တဲ့ Scud လို ဒုံးကျည်မျိုး တွေတော့ ရှိဖို့ လိုတယ်လို့ သူက ဆက်ပြော ပါတယ်။

ဒါ့အပြင် မြန်မာ နိုင်ငံဟာ ဒုံးကျည် ကာကွယ်ရေး စနစ် ထူထောင် ရလောက်အောင် ပြည်ပ အန္တရာယ် ရှိတယ်လို့ မမြင်တဲ့ အကြောင်းနဲ့ မြန်မာ ပြည်သူတွေ ဆင်းရဲတွင်း နက် နေတဲ့ အချိန်မှာ ငွေကြေး အများကြီး ကုန်ကျတဲ့ ဒီလို လုပ်ရပ်တွေ လုပ်ဖို့ မသင့်တဲ့ အကြောင်း Peter Felstead ထောက်ပြ ပြောဆို ပါတယ်။