ဗိုလ်ကြီး ဝင်းထိန် ပြန်လွတ်ပြီ

ဒေါ်အောင်ဆန်း စုကြည်ရဲ့ ကိုယ်ရေး အရာရှိ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်ဟာ အကျဉ်းထောင် ကနေ ပြန်လည် လွတ်မြောက် လာပါပြီ။

Image caption လွတ်လာပြီဆိုပေမဲ့ မိသားစုက မတွေ့ရသေး ဓါတ်ပုံ AI

ထောင်ဒဏ် (၁၄ နှစ်) ကျခံခဲ့ရပြီးတဲ့ နောက် ကြာသပတေးနေ့ ကပဲ ကသာ ထောင်ကနေ သူ ပြန်လည် လွတ်မြောက် လာခဲ့ တာပါ။

သူဟာ ၁၉၉၆ ခုနှစ် မေလက ပုဒ်မ (၅-ည) နဲ့ ထောင်ဒဏ် (၇) နှစ် အပြစ်ပေးခံခဲ့ရပြီး ထောင်ထဲမှာ နောက်ထပ် (၇) နှစ် ပြစ်ဒဏ် ထပ်တိုးခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ် စက်တင်ဘာလက နိုင်ငံ တဝန်းမှာ ရှိတဲ့ အကျဉ်းသား ကိုးထောင် ကျော်ကို လွတ်ငြိမ်း ချမ်းသာခွင့် ပေးခဲ့တုန်းက တစ်ရက် ကြာ လွတ်မြောက်ခဲ့ ပြီးကာမှ နောက်တစ်နေ့မှာ အကြောင်းပြချက် တစုံတရာ မပေးဘဲ အာဏာပိုင်တွေက ဗိုလ်ကြီး ဝင်းထိန် ကို ထောင်ထဲ ပြန်ပို့ခဲ့ ပါတယ်။

အဲဒီတုန်းက သူ လွတ်လွတ်ချင်း ပြည်ပမီဒီယာ တစ်ခုနဲ့ မေးမြန်းခန်းမှာ စစ်အစိုးရ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ကို ဝေဖန်ခဲ့တဲ့ အတွက် ပြန် အဖမ်းခံရတာလို့ ပြောဆို နေကြတာတွေ ရှိပေမဲ့ အကြောင်းရင်း ကိုတော့ ခုချိန်ထိ မသိရသေး ပါဘူး။