ကြံဖွံ့ကို ယှဉ်ဖို့ ပါတီတွေ စုစည်းဖို့လို

USDA members
Image caption ကြံဖွံ့ အဖွဲ့ဝင်များ

၂၀၁၀ ရွေးကောက်ပွဲမှာ ဝင်ပြိုင်မဲ့ ကြံဖွံ့ ပါတီက ကျန်ပါတီတွေထက် အစစ အသာစီး ရနေတာမို့ သူ့ကို ယှဉ်ပြိုင်ဖို့ ပါတီ အားလုံး ပူးပေါင်း လုပ်ဆောင်ဖို့ လိုတယ်လို့ ပါတီ တချို့က ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

ကြံဖွံ့ကို လက်ရှိ စစ်အစိုးရ ဝန်ကြီးချုပ် ဦးသိန်းစိန် ဦးဆောင်ပြီး ဝန်ကြီး အများအပြားလည်း စစ်ယူနီဖောင်း ချွတ်ပြီး အရပ်ဝတ်နဲ့ ပြိုင်ဖို့ ပြင်ဆင် နေပါတယ်။

အရင်ကတည်းက ရှိခဲ့တဲ့ ငွေအင်အား၊ လူအင်အားနဲ့ လုပ်ပိုင်ခွင့်အားတွေနဲ့ တခြား ပါတီအားလုံးထက် အဘက်ဘက်က အသာရထားတာမို့ သူ့ကို ကျန်တဲ့ ပါတီတွေက ယှဉ်နိုင်ဖို့ အတော် ခက်ခဲမယ်လို့ ဒီမိုကရက်တစ်ပါတီ (မြန်မာ)ရဲ့ အတွင်းရေးမှုးချုပ် ဒေါ်သန်းသန်းနုက ပြောပါတယ်။

ကြံဖွံ့ပါတီက ရှိသမျှ လုပ်ပိုင်ခွင့်တွေ၊ အခွင့်အရေး မှန်သမျှကို ရထားတယ်လို့ ဒေါ်သန်းသန်းနုက ပြောပါတယ်။

သူတို့ ပါတီ အနေနဲ့ ရံပုံငွေ အခက်အခဲနဲ့ စည်းရုံး လှုပ်ရှားခွင့် ရမဲ့ အချိန် တိုတောင်းမှုကြောင့် ပြိုင်နိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေကိုပဲ ဦးစားပေး လက်ခံနေရပြီး မူလ ယှဉ်ပြိုင်ဖို့ လျာထားတဲ့ အရေအတွက်ထက် လျှော့ပြိုင်မှာလို့ ဆိုပါတယ်။

မတူ ကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေး ပါတီ ဥက္ကဌ ဦးညိုမင်းလွင်ကလည်း ခုရွေးကောက်ပွဲဟာ မတရားမှန်း သိပေမဲ့ သိသိနဲ့ ဝင်ပြိုင်တာလို့ ပြောပါတယ်။

ပါတီတွေ အနေနဲ့ ကိုယ်အားသန်ရာ နေရာတွေကနေ ယှဉ်နိုင်ဖို့ အချင်းချင်း ညှိနှိုင်းဖို့ လုပ်နေတယ်လို့ ဦးညိုမင်းလွင်က ပြောပါတယ်။

လောလောဆယ်မှာ ပါတီလေးငါးခုလောက်က အလွတ်သဘော ဆွေးနွေးနေဆဲ အဆင့်မှာဘဲ ရှိပြီး တရားဝင် မဟာမိတ် အဖြစ် ပူးပေါင်းဖို့ကတော့ အသေးစိတ် စကားပြောဖို့ လပိုင်း အချိန် ယူရဦးမယ်လို့ ဘီဘီစီကို ပြောပြသွားပါတယ်။