ရဲတပ်သားတွေလည်း ထွက်ပြေးနေ

မြန်မာ စစ်တပ်အတွင်းမှာ စားဝတ်နေရေး မပြေလည်တဲ့ အတွက် အကြပ် စစ်သည် တချို့ နှုတ်ထွက်ကြတာတွေ၊ တပ်ရင်းကို စွန့်ခွာ ထွက်ပြေးကြ တာတွေ ရှိနေချိန်မှာပဲ ရဲတပ်ရင်း တွေ အတွင်းမှာလည်း အလားတူ အခက် အခဲတွေ ရင်ဆိုင်နေရ တယ်လို့ မကြာခင် ရက်ပိုင်း အတွင်းကပဲ ထွက်ပြေးလာတဲ့ ရဲ တပ်သား တစ်ယောက်က ပြောပါတယ်။

Image caption ရဲတပ်သားတွေ အခက်အခဲကို ရဲချုပ်ထံ တင်ပြထား

သံလျင် အမှတ်(၇) ရဲတပ်ရင်းက နေ လွန်ခဲ့တဲ့ ငါးရက်ကပဲ ထွက်ပြေး လာတဲ့ ရဲတပ်သားက သူတို့ တပ်ရင်းထဲမှာ လစာ မလုံလောက်တဲ့ အခြေ အနေ တွေကို ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီ ဆီ စာတင် ထားတာ အခုထိ ဘာမှ ပြန်ပြီး မကြားသိရ သေးဘူး လို့ ပြောပါတယ်။

စစ်တပ်ထဲမှာ တပ်သား တစ်ယောက်က ရိက္ခာ သုံးပုံရရင် ရဲတပ်သား တွေကတော့ တစ်ပုံပဲရကြတယ်၊ ဒါကြောင့် လူပျို လူလွတ်တွေထက် မိသားစု ရှိသူတွေမှာ ပိုပြီး အခက်အခဲ ရှိကြတယ် လို့လည်း အဲဒီ ရဲတပ်သားက ပြောပါတယ်။

သူ့လို ရဲတပ်သား တစ်ယောက်က လစာ ကျပ် နှစ်သောင်း ရတဲ့ အထဲက တစ်သောင်းကို ဘဏ်စုကြေးငွေ ထည့်ရတော့ ကျန်တဲ့ ငွေနဲ့ ဘယ်လိုမှ မလောက်င ဘူး လို့လည်း သူက ပြောပါတယ်။ သံလျင် တံတားပေါ်ကို ဖြတ်သွားတဲ့ ကားတွေဆီက ကောက်ခံ ရရှိတဲ့ ငွေတွေကိုလည်း အထက် လူကြီးတွေ ကသာ ရယူသွားပြီး ကျန်တဲ့ အောက်ခြေက ရဲသားတွေ ဘာမှ မခံစားကြရဘူးလို့ သူက ဆက်ပြောပါတယ်။

သူတို့ ရဲတပ်ရင်းမှာ အလားတူ ထွက်ပြေးသူ ငါးယောက် ရှိသွားပြီလို့လည်း သံလျင် အမှတ်(၇) ရဲတပ်ရင်းက ထွက်ပြေးလာသူ တပ်သားက ဘီဘီစီကို ပြောပါတယ်။