တပ်တွင်း ခက်ခဲ ကြပ်တည်းမှု တိုးလာနေ

soldiers
Image caption စစ်တပ်ထဲ ကြပ်တည်းမှုတွေကြောင့် မကျေနပ်မှု၊ နှုတ်ထွက်မှုတွေ တိုးလာနေ

တပ်မတော်တွင်း တပ်ရင်း တပ်ဖွဲ့ အသီးသီးက တပ်သားတွေရဲ့ စားဝတ်နေရေး ကြပ်တည်းမှုကို အထက် အရာရှိတွေကို တင်ပြပေမယ့် ဆောင်ရွက်ပေးခြင်း မရှိတဲ့ အတွက် မကြေနပ်မှုတွေ တိုးလာနေပြီး နှုတ်ထွက်မှုတွေလည်း များလာတယ်လို့ တပ်တွင်းက ရတဲ့ သတင်းတွေအရ သိရပါတယ်။

ချပေးတဲ့ ရိက္ခာတွေဟာ လုံလောက်မှု မရှိဘဲ လတ်ဆတ်မှု၊ အရည်အသွေး ပြည့်မှီမှု မရှိဘူးလို့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ရေစကြို အခြေစိုက် ခမရ ၂၅၈ ကရဲဘော် တယောက်က ဘီဘီစီကို ပြောပြပါတယ်။

တပ်တွင်း ရံပုံငွေကိုလည်း အထက် အရာရှိတွေက လာသိမ်းသွားတဲ့ အတွက် ရဲဘော်တွေက မခံချိ မခံသာ ဖြစ်နေတယ်လို့ ပြောပါတယ်။

တိုင်းမှုးကိုယ်တိုင် လာသိမ်းတာ ဖြစ်ပြီး အကြောင်းပြချက်လည်း မပေးဘူးလို့ ဆိုပါတယ်။

တပ်တွင်း ရံပုံငွေဟာ ရဲဘော်တွေနဲ့ မိသားစုတွေဆီက လစဉ် ဖြတ်တောက်တဲ့ ငွေတွေကို စုဆောင်းထားတဲ့ ရံပုံငွေ ဖြစ်ပြီး တခြား တပ်ရင်းတွေမှာလည်း အလားတူ သိမ်းဆည်းမှုတွေ ရှိနေတယ်လို့ အဲဒိ ရဲဘော်က ပြောပါတယ်။

ဒီရဲဘော် ပြောပြချက်အရ အရာရှိ အပါအဝင် လူ ၂၅၀ လောက်ရှိတဲ့ တပ်ရင်းမှာ ခြောက်ဆယ်လောက်ထိ နှုတ်ထွက်၊ ဒါမှမဟုတ် ထွက်ပြေးတာတွေ ရှိနေတယ်လို့ သိရပါတယ်။

နှုတ်ထွက်တဲ့ထဲမှာ တပ်ခွဲမှုး အဆင့်ထိ ရှိတယ်လို့လည်း ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့လည်း သူ့ကို လွှတ်ပေးတာ တပ်တွင်းက တပ်သားတချို့က မြင်ချင်ပြီး ရွေးကောက်ပွဲမှာ အားလုံး ပါဝင်စေချင်တယ်လို့ အဲဒိ တပ်သားက ပြောပြပါတယ်။

လောလောဆယ် နိုင်ငံရေးနဲ့ ပတ်သက်ပြီး 'အားလုံးပြေလည်စေချင်တယ်' လို့ ဒီတပ်သားက ပြောပြီး ဒီလို ဆန္ဒမျိုးကို အထက်အရာရှိတွေလောက်ထိ ဒီလို အမြင်မျိုး ရှိတယ်လို့ ဒီတပ်သားက ပြောပါတယ်။