ဝတပ်နဲ့ အစိုးရတပ် ပစ်ခတ်မှုမှာ ဝ တယောက်သေ

Wa and SPDC soldiers
Image caption ဝနဲ့ အစိုးရတပ်က စစ်သားတွေကို အတူတွေ့ရပုံ

ရှမ်းပြည် မြောက်ပိုင်း ဟိုပန် နမ့်တစ်ဂိတ်နားက ရွာတရွာမှာ UWSA ဝတပ်နဲ့ စစ်အစိုးရတပ်တို့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီး ဝတပ်သား တယောက် သေဆုံးခဲ့ပါတယ်။

ဝတပ်ဖွဲ့က လူတချို့နဲ့ ခမရ ၁၀၉ က အရာရှိ အပါအဝင် တပ်ဖွဲ့ဝင်တချို့တို့ ငြင်းကြခုံကြရင်း ဝ ရဲဘော်တယောက်က မကျေမနပ် သေနတ် ထောင်ဖောက်ရာမှာ စစ်တပ်ဘက်က သူတို့ကို ပစ်တယ်အထင်နဲ့ ပြန်ပစ်ရာကနေ အဲဒိ မိုးပေါ်ထောင်ဖောက်တဲ့ ဝ ရဲဘော် ပွဲချင်းပြီး သေဆုံးတယ်လို့ တရုတ်မြန်မာ နယ်စပ်က သတင်းတွေအရ သိရပါတယ်။

နှစ်ဘက် သဘောတူ သတ်မှတ်ချက်အရ ဝနယ်ဘက်ကို မီတာ ငါးဆယ်ထိ အကြောင်းမကြားဘဲ ဝင်လာရင် ပစ်ခတ်ခွင့် ရှိပါတယ်။

ဒီသတ်မှတ်ချက်နဲ့ အရင်က မှားယွင်း ပစ်ခတ်မှု ရှိဘူးပေမယ့် လူသေဆုံးတဲ့ထိ မဖြစ်ခဲ့ဘူးလို့ တရုတ်မြန်မာ နယ်စပ်က စစ်ရေး အကဲခပ် ဦးအောင်ကျော်ဇောက ပြောပါတယ်။

ခုပစ်ခတ်မှု ဖြစ်ပြီးနောက် ညနေပိုင်းမှာ ကွတ်ခိုင် ဗျူဟာမှုး ဒုဗိုလ်မှုးကြီး သန်းထွန်းဦးက နမ့်တစ်ဘက်ကို လာတောင်းပန်ခဲ့တယ်လို့ ပြောပြပါတယ်။

ခုရက်ပိုင်းအတွင်းမှာ ဝဘက်က သူတို့ အဖွဲ့အစည်းရဲ့ နှစ်ဝက်တာ လုပ်ငန်းများနဲ့ ပတ်သက်ပြီး ပန်ဆန်းမှာ အစည်းအဝေး လုပ်နေချိန် ဖြစ်တဲ့အတွက် ဝတပ်တွေရဲ့ လှုပ်ရှားမှုတွေ ဒီရက်ပိုင်း အတွင်းမှာ စိတ်နေပါတယ်။

ဒါ့ကြောင့် တောင်းပန်ရုံ မဟုတ်ဘဲ ခုပစ်ခတ်မှု ဖြစ်ပွားစေတဲ့ ဖြစ်ရပ်တွေကို ခုံရုံးဖွဲ့ပြီး သေချာ စစ်ဆေးသင့်တယ်လို့ ဦးအောင်ကျော်ဇောက ထင်မြင်ချက် ပေးထားပါတယ်။