၂၀၁၀ ရွေးကောက်ပွဲ ဗြိတိန်လက်မခံ

Jereme Browne
Image caption ထိုင်းနိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့ဆုံ

၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ဗြိတိန်အစိုးရရဲ့ သဘောထားကို အငယ်တန်း နိုင်ငံခြားရေး ဝန်ကြီး ဂျယ်ရမီ ဘရောင်း က ဘန်ကောက်မြို့မှာ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ထောင်ဒဏ်ကျခံနေရတဲ့ ထောင်နဲ့ ချီတဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ အခန်းကဏ္ဍကို ငြင်းပယ်ထားမယ်ဆိုရင် ၂၀၁၀ ရွေးကောက်ပွဲဟာ တရားဝင်တဲ့ ရွေးကောက်ပွဲ တခု ဖြစ်လာမှာ မဟုတ်ဘူးလို့ ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ ရောက်ရှိပြီး ထိုင်းနိုင်ငံခြားရေး၀န်ကြီး ကဆစ်ဖိရွန်းနဲ့ ဆွေးနွေးအပြီးမှာ ရိုက်တာ သတင်းဌာနကို ပြောကြားခဲ့တာဖြစ်ပါတယ်။

နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ကို ထောင်သွင်းအကျဉ်းချထားသမျှမှာ အဓိပ္ပါယ်ရှိတဲ့ ရွေးကောက်ပွဲတရပ်ဆိုတာ ဖြစ်နိုင်စရာမရှိဘူးလို့ ဆိုပါတယ်။

ဗြိတိသျှ အစိုးရသစ်ဟာ မြန်မာနိုင်ငံမှာ နိုင်ငံရေးနဲ့ လူ့အခွင့်အရေးတွေ တိုးတက်ကောင်းမွန်လာရေး ဖိအားပေးတဲ့ ပေါ်လစီကို ဆက်လက် ထောက်ခံအားပေး သွားမယ်လို့ ဆိုပါတယ်။

မြန်မာအစိုးရရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး ဗြိတိသျှ အစိုးရအနေနဲ့ အလွန်စိတ်ပျက်ခဲ့ရပြီး လာမယ့် ရွေးကောက်ပွဲဟာလည်း ပြည်သူတွေရဲ့ ဆန္ဒကို တရားဝင်ဖော်ပြတဲ့ ရွေးကောက်ပွဲ အဖြစ် မယူဆဘူးလို့ လည်း ပြောခဲ့ပါတယ်။