အာဇာနည်နေ့ ဒို့မမေ့

ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီး တွေရဲ့ အတွေ့အကြုံတွေ၊ ဖြတ်သန်းမှုတွေ အကြောင်းကို သူတို့ သိထား တာတွေနဲ့ ပေါင်းစပ်ပြီး ဒီကနေ့ ကျရောက်တဲ့ အာဇာနည်နေ့မှာ သူ့အိမ်မှာ ပြောပြမယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း နဲ့ အင်န်အယ်လ်ဒီ ပါတီရဲ့ ဒုတိယ ဥက္ကဌ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦးက ဘီဘီစီကို ပြောပါတယ်။

Image caption တပ်မတော်ရဲ့ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း

လူငယ်မျိုးဆက်သစ်တွေကို ပညာပေးတဲ့ စကားဝိုင်း လုပ်မယ်။ ဗိုလ်ချုပ်နဲ့ ပတ်သက်တာတွေ မသိတာ သိအောင်၊ ဗိုလ်ချုပ်စိတ်ဓာတ်၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ နိုင်ငံတော်နဲ့ ပတ်သက်လို့ ကိုယ်ကျိုးစွန့်တာ၊ သူယုံကြည်တဲ့ ဒီမိုကရေစီ၊ သူယုံကြည်တဲ့ လွတ်လပ်ရေး၊ သူယုံကြည်တဲ့ လူ့အခွင့်အရေး စသဖြင့် တိုင်းပြည်မှာ ဖက်ဆစ်ဝါဒလို ဆန်လာမဲ့ ဝါဒတစ်ခု ပြန်မထွန်းကား လာဘဲ ဒီမိုကရေစီဝါဒ သာလျှင် လွတ်လပ်ရေးနဲ့ ထိုက်တန်တယ် ဆိုတဲ့ ဆုံးမစကားတွေကို ဆွေးနွေးမယ်လို့ ဦးတင်ဦးက ပြောပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းဟာ ပြည်သူသာလျှင် အမိ၊ ပြည်သူသာလျှင် အဖ၊ ပြည်သူ့အပေါ်မှာ ဘယ်လို ကိုယ်ကျိုးစွန့် အနစ်နာ ခံရမယ်ဆိုတာ တောက်လျှောက် ပြောခဲ့၊ ဟောခဲ့၊ ဆုံးမခဲ့သလို သူကိုယ်တိုင်လည်း နမူနာပြခဲ့တယ်လို့ သူရ ဦးတင်ဦးက ဆိုပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့တဲ့ လွန်ခဲ့တဲ့ ၆၃ နှစ်က ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးဟာ အခု ပြင်ဦးလွင်လို့ ခေါ်တဲ့ မေမြို့မှာ အရာရှိအဖြစ် တာဝန်ထမ်းဆောင် နေပြီး၊ ဗိုလ်ချုပ်တို့ ကျဆုံးတဲ့ သတင်းကြားတော့ ဒေါသတွေ ထွက်ခဲ့ရတယ်၊ ထမင်းလည်း မစားနိုင်ဘူး။ နောက်တော့ ရန်ကုန်ဆင်းပြီး ဂျူဗလီဟောမှာ ထားတဲ့ ဗိုလ်ချုပ်တို့ ရုပ်ကလာပ်ကို အလေးလာပြုကြတယ်လို့ သိရပါတယ်။

စိတ်ထိခိုက်တာပေါ့ဗျာ၊ ကျွန်တော်တို့ရဲ့ သေနာပတိကြီးပဲ၊ စစ်ဝန်ကြီးပဲ၊ နိုင်ငံ့ခေါင်းဆောင် ဖဆပလ ဥက္ကဌ၊ နိုင်ငံ့လွတ်လပ်ရေး ဗိသုကာ၊ တပ်မတော်ရဲ့ ဖခင်ကြီးဗျာ၊ မထိခိုက်ဘဲ ဘယ်နေမလဲဗျာလို့ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦးက ပြောပါတယ်။

Image caption မြန်မာ့လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း

ဗိုလ်ချုပ်နဲ့တကွ အာဇာနည်ကြီးတွေ အကြောင်း ဦးတင်ဦးတို့က လူငယ်တွေ သိအောင် ပြန်ပြောပြ ကြသလို ရန်ကုန်က လူငယ် တချို့ကလည်း ဗိုလ်ချုပ်အောင်ဆန်း မကွယ်လွန်ခင်က နေထိုင်ခဲ့တဲ့ ကန်တော်ကြီးစောင်းက နတ်မောက် လမ်းသွယ်ထဲမှာ ရှိတဲ့ အခု ဗိုလ်ချုပ်ပြတိုက် ဖြစ်နေတဲ့ ပြတိုက်ကို သူငယ်ချင်းတွေ စုပြီး သွားရောက် ကြမယ်လို့ ဆိုပါတယ်။

သူငယ်ချင်းတွေကို စည်းရုံးထားတယ်၊ သွားကြမယ်။ အာဇာနည်နေ့မှာတော့ ဖွင့်ပေးမယ်လို့ ပြောတယ်။ နောက်ဘယ်အချိန်မှ ပြန်ဖွင့်မယ် မသိဘူးလို့ ရန်ကုန်က လူငယ် တစ်ဦးဖြစ်တဲ့ ကိုဟိန်းမင်း က ပြောပါတယ်။

ဗိုလ်ချုပ်ဟာ လွတ်လပ်ရေး ဖခင်လို့ ပြောရင် မမှားဘူး။ သူ့ကြောင့် အကုန်လုံး ဖြစ်လာတာပဲ။ ဒီနေ့ဒီအချိန် ကျွန်တော်တို့ အခုလို နေနိုင်တာ ဗိုလ်ချုပ်ကြောင့်ပဲ။ ဘယ်သူတွေ ဘယ်လိုပဲ ဖုံးဖုံး၊ သတိရရ မရရ ကျွန်တော်နဲ့ လက်လှမ်းမီတဲ့ အသိုင်းအဝိုင်းကတော့ ဗိုလ်ချုပ်ကို လေးစားတဲ့ အနေနဲ့၊ အမှတ်ရတဲ့ အနေနဲ့ အာဇာနည်နေ့မှာ ဗိုလ်ချုပ်နဲ့ သက်ဆိုင်တဲ့ နေရာတစ်ခု ကိုတော့ သွားကြမှာပါလို့ ကိုဟိန်းမင်း က ပြောပါတယ်။