အာဇာနည်တွေကို မမေ့ကြသူများ

Image caption ရန်ကုန် အာဇာနည်နေ့ အခမ်းအနား

လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ကြီးတွေ လုပ်ကြံခံခဲ့ရတာ ၆၃ နှစ် ရှိပါပြီ။

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့က ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ၊ ဒီးဒုတ်ဦးဘချို၊ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း၊ မန်းဘခိုင်၊ဦးရာဇတ်၊ ဦးအုံးမောင် နဲ့ ရဲဘော်ကိုထွေး တို့ကို ရန်ကုန်မြို့ အတွင်းဝန်များရုံးမှာ အစည်းအဝေး ကျင်းပနေစဉ် မသမာသူတွေက ဝင်းရောက်ပစ်ခတ် လုပ်ကြံခဲ့တာ ဖြစ်ပါတယ်။

အရင်က နိုင်ငံခေါင်းဆောင်ကြီးတွေကိုယ်တိုင် တက်ရောက် ဂါရဝပြုခဲ့တဲ့ အာဇာနည်နေ့ အခမ်းအနားဟာ လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်း မြို့တော်ဝန်က ဦးစီးကျင်းပတဲ့ အခမ်းအနားအဆင့်ကို လျော့ကျလာခဲ့ပါတယ်။

Image caption ဦးအောင်ဆန်းဦးနဲ့ ဇနီး

ဒီနေ့ အာဇာနည်နေ့အခမ်းအနားကို ဗိုလ်ချုပ်အောင်ဆန်းရဲ့ သားကြီး ဦးအောင်ဆန်းဦးနဲ့ ဇနီး အပါအဝင် အာဇာနည်ကြီးတွေရဲ့ ဆွေမျိုးသားချင်းတွေ တက်ရောက်ဂါရဝ ပြုခဲ့ကြပေမဲ့ အကျယ်ချုပ်ကျခံနေရတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သူ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကတော့ တက်ရောက်နိုင်ခဲ့ခြင်း မရှိပါဘူး။

ရွေးကောက်ပွဲဝင်ဖို့ ပါတီထောင်ခွင့်ကျပြီး နိုင်ငံရေးပါတီတွေလည်း ဒီနေ့ အခမ်းအနားကို တက်ရောက်ခဲ့ပြီး လွမ်းသူ့ပန်းခွေ ချခဲ့ကြပါတယ်။

Image caption ဦးတင်ဦးအိမ်က အာဇာနည်နေ့ အခမ်းအနား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးတင်ဦးရဲ့ နေအိမ်မှာ ဝါရင့်နိုင်ငံရေးသမားကြီးများနဲ့ ဦးတင်ဦး ဦးဝင်းတင်တို့က အာဇာနည်နေ့အကြောင်း ပြောကြတဲ့ စကားဝိုင်းတရပ် ကျင်းပခဲ့ရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ဝင်တွေနဲ့ စိတ်ဝင်စားသူ ၄၀၀ ခန့်တက်ရောက်ခဲ့ကြပါတယ်။

ရန်ကုန်မြို့မှာ အဖွဲ့ ၆ ဖွဲ့က မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေဟာ လုံခြုံရေးတွေ တင်းကြပ်ထားတဲ့ကြားက အာဇာနည်ဗိမာန်ကို ကြိုးစားသွားရောက်ပြီး အာဇာနည်ကြီးတွေကို မမေ့ မပျောက်ဂါရဝသွားပြုခဲ့ကြပါတယ်။

မိတ္ထီလာ၊မြင်းခြံ၊ မြို့သစ်၊နတ်မောက်၊ ရေတာရှည်၊ တောင်ငူ၊ ပဲခူး၊ ခရမ်းသုံးခွ နဲ့ ကော့သောင်းမြို့တွေမှာ လူထုက ကိုယ့်အစီအစဉ်နဲ့ ကိုယ် အာဇာနည်ကြီးတွေအတွက် ဆွမ်းကျွေးဒါနပြုခဲ့ကြပါတယ်။

အိန္ဒိယနိုင်ငံ ဒေလီမြို့၊ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့နဲ့ ထိုင်းနိုင်ငံက နို့ဘိုးဒုက္ခသည်စခန်းတွေမှာလည်း ဆွမ်းကျွေးဒါနပြုပြီး အာဇာနည်ကြီးရဲ့ ကျေးဇူးကို အောက်မေ့ သတိရ အခမ်းအနားတွေ ကျင်းပခဲ့ကြပါတယ်။