ရွေးကောက်ပွဲ အားလုံးပါဝင်နိုင်အောင်လုပ်ဖို့ အာဆီယံထပ်ပြော

Image caption အာဆီယံဝန်ကြီးများ

ဗီယက်နမ်နိုင်ငံ ဟနွိုင်မြို့မှာ ကျင်းပနေတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ နှစ်ရက်ကြာ တွေ့ဆုံဆွေးနွေးပွဲ အပြီးမှာ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲကို လွတ်လပ်မျှတပြီး သက်ဆိုင်သူအားလုံး ပါဝင်နိုင်အောင် ဆောင်ရွက်ပေးဖို့ အာဆီယံ ခေါင်းဆောင်တွေက နောက်တကြိမ် တောင်းဆိုလိုက်ကြပါတယ်။

ဒီအစည်းအဝေးမှာ အများမျှော်လင့်ထားကြတဲ့ ကိုရီးယားကျွန်းဆွယ် အရေးထက်၊ မြန်မာနိုင်ငံအရေးကတောင် ပိုပြီး လွှမ်းမိုးခဲ့ပါတယ်။

ဒီနေ့အာဆီယံဝန်ကြီးများ ညီလာခံအပြီးမှာ ထုတ်ပြန်လိုက်တဲ့ ပူးတွဲ ကြေညာချက်မှာလည်း မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတအောင်နဲ့ သက်ဆိုင်သူ အားလုံး ပါဝင်ခွင့်ရအောင် ဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ပါတယ်။

မနေ့ညက ဝန်ကြီးများ ညစာစားပွဲမှာဆိုရင် မြန်မာနိုင်ငံအကြောင်းကို အိမ်ရှင်ဖြစ်တဲ့ ဗီယက်နမ်နိုင်ငံက စတင်မေးမြန်းခဲ့ပြီး တော်တော်လေးကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြတယ်လို့ သံတမန် အသိုင်းအဝိုင်းက ပြော ပါတယ်။

Image caption အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးနဲ့ မြန်မာ နိုင်ငံခြားရေး ဝန်ကြီး

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မစ္စတာ မာတီ နာတာလေ ဂါဝါကို မေးကြည့်ခဲ့ရာမှာ ကိစ္စရပ် အများအပြားကို ဆွေးနွေးခဲ့ကြပါတယ်လို့ ပြောပေမယ့် အသေးစိတ်ကို ပြောပြခဲ့ခြင်း မရှိပါဘူး။

မြန်မာ နိုင်ငံခြားရေးဝန်ကြီးက ရွေးကောက်ပွဲအတွက် သူတို့ဘာတွေစီစဉ်နေတယ်ဆိုတဲ့အကြောင်း၊ နိုင်ငံရေးပါတီတွေ မှတ်ပုံတင်နေကြတဲ့ အကြောင်းတွေကို ရှင်းပြခဲ့တယ်လို့ဆိုပါတယ်။

အာဆီယံဖက်က လိုချင်နေတာက ရွေးကောက်ပွဲကို လွတ်လပ်မျှတပြီး ထင်သာမြင်သာရှိစေဖို့ပါ။

ဒီလိုလွတ်လပ်မျှတမှုရှိတယ်ဆိုတာကိုသက်သေပြနိုင်ဖို့ အာဆီယံအနေနဲ့ ရွေးကောက်ပွဲကို လေ့လာဖို့ကိုယ်စားလှယ် အဖွဲ့တခု စေလွှတ်ချင်တယ်လို့ စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီးဂျော့်ချ်ယိုကပြောခဲ့ပါတယ်။

ဒါပေမယ့် ညီလာခံအပြီးမှာ ထွက်လာတဲ့ ပူးတွဲ ကြေညာချက်ထဲမှာ အဲဒီတောင်းဆို ချက်ကို အတိအလင်း ဖေါ်ပြထားတာမတွေ့ရပါဘူး။