The Voice ဂျာနယ် နှစ်ပတ် အပိတ်ခံရလို့ပြော

Burmese journals
Image caption ဂျာနယ်တွေဟာ မြို့ကြီးတွေမှာ ပရိသတ် အများအပြားရှိ

မကြာမီက ပြည်တွင်းမှာ ထုတ်ဝေနေတဲ့ သတင်းဂျာနယ်တွေကို ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ သတင်းစာမျက်နှာ အရေအတွက် ကန့်သတ်လိုက်တဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် The Voice ဂျာနယ်ကို နိုင်ငံရေးနဲ့ နွယ်နေတဲ့ ဆောင်းပါးတပုဒ်ကြောင့် ပုံနှိပ်ထုတ်ဝေခွင့် ၂ ပတ်ပိတ်လိုက်တယ်လို့ ဂျာနယ်နဲ့ နီးစပ်တဲ့ သူတဦးကတဆင့် သိရပါတယ်။

ဆောင်းပါးရှင် အောင်ထွဋ်ရဲ့ မြန်မာနိင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံ ဉပဒေသစ် နဲ့ပတ်သက်တဲ့ Concept နှင့်Process သဘောသဘာဝနဲ့ ဖြစ်ပေါ်လာပုံ ဆောင်း ပါးကြောင့်လို့ အဆိုပါ အမည်မဖော်လိုသူက ဆိုပါတယ်။

ဆောင်းပါးထဲမှာ သမ္မတက လက်မခံတဲ့ ဉပဒေတရပ်ကို လွတ်တော်နှစ်ရပ်က ပြဌာန်းနိုင်ဖို့ ၃၃၃ မဲ လိုအပ်ကြောင်း၊တကယ်လို့ တပ်မတော်ခန့်အမတ် ၁၆၆မဲရဲ့ ထောက်ခံမှု မရရင်လည်း ရွေးချယ်ခံ လွှတ်တော်အမတ် ၄၉၈ ဉီးထဲက ၃၃၃ ဉီးက ထောက်ခံရင် ဉပဒေအတည်ဖြစ်ကြောင်း အဲ့ဒါကြောင့် ရွေးချယ်ခံ လွှတ်တော်အမတ်တွေမှာ ဗီတိုအာဏာ ရှိတယ်လို့ ယူဆလို့ရကြောင်း ဆောင်းပါးရှင်က ဆိုပါတယ်။

အမေရိကန် ပြည်ထောင်စုမှာလဲ သမ္မတ ဗီတိုအာဏာနဲ့ ပယ်ချထားတဲ့ ဉပဒေတရပ်ကို အတည်ပြုဖို့ လွှတ်တော်နှစ်ရပ်ပေါင်း ရဲ့ သုံးပုံနှစ်ပုံ လိုအပ်ချက်ရှိကြောင်း ထောက်ပြထားပါတယ်။

ဇူလိုင် ၁၂ ရက်နေ့ထုတ်The Voice ဂျာနယ် ကို စာပေစီစစ်ရေးက ခွင့်ပြုလိုက်ပေမဲ့ ရှေ့နေချုပ်ရုံးက ဒီဆောင်းပါးပါအချက် တချို့ကို သဘောမတွေ့တဲ့အတွက် အခုလို ဂျာနယ် ကိုအရေးယူစေတာလို့ သိရပါတယ်။

ဆောင်းပါးထဲက ဘယ်အချက်ကြောင့် အရေးယူတယ်ဆိုတာ မသိပေရမဲ့ သမ္မတရဲ့ဗီတိုအာဏာနဲ့ တပ်မတော်ခန့် အမတ်တွေ အခန်းကဏ္ဍနဲ့ သက်ဆိုင်တယ်လို့ ယူဆရပါတယ်။

ဆောင်းပါးရှင် အောင်ထွဋ်ဟာ ဂျာနယ်ထုတ်ဝေသူ ဦးနေဝင်းမောင် ဖြစ်ပါတယ်။ ဦးနေဝင်းမောင် ကို ဘီဘီစီ ကဆက်သွယ်ပြီး ဂျာနယ် ယာယီအပိတ်ခံရတယ်တာ ဟုတ်သလားလို့မေးတဲ့အခါမှာ သူမသိဘူးလို့ ငြင်းဆိုပါတယ်။

ဦးနေဝင်းမောင်ဟာ စစ်အစိုးရ ရေးဆွဲတဲ့ အခြေခံဉပဒေနဲ့ ရွေးကောက်ပွဲကို ထောက်ခံတဲ့ ဆောင်းပါးတွေ အစဉ်တစိုက် ရေးသားနေသူ ဖြစ်ပေမယ့် အခုလို အရေးယူခံရတာကို စာပေလောက စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။