ငွေပြန်မထုတ်ပေးလို့ တပ်တွင်းမငြိမ်သက်

ရဲဘော်တွေရတဲ့လစာ နည်းရတဲ့ကြားထဲ ဘဏ်စုမယ်ဆိုပြီး မစုမနေရ ကျပ် ၅၀၀၀ ကို လစာက ဖြတ်ပါတယ်၊ အခု စားဝတ် နေရေး မပြေလည်တော့ စုငွေတွေ ပြန်တောင်းတာ အာဏာပိုင်တွေက ထုတ်မပေးလို့ တပ်တွင်း မငြိမ်သက်တဲ့ အခြေအနေတွေ ရှိနေတယ်လို့ သိရပါတယ်။

အခု မငြိမ်မသက်ဖြစ်တဲ့တပ်ကတော့ မွန်ပြည်နယ်၊ မုတ္တမမြို့ အခြေစိုက် တပ်မ ၄၄ လက်အောက်ခံ ခမရ ၁၀၂ ဖြစ်ပါတယ်။

Image caption ရဲဘော်တွေ စားဝတ်နေရေး ကြပ်တည်းလာပြီး အမိန့်မနာခံမှုတွေ ရှိလာနေတဲ့ မြန်မာ့စစ်တပ်

``ကျွန်မအဖေအပါအဝင် တော်တော်များများက နှစ်ကြာကြာ စုဆောင်းထားတဲ့ စုကြေးငွေတွေ ထုတ်တာ အကြိမ်ကြိမ် တင်ပြတာကို ပယ်ချခဲ့ပါတယ်၊ အဲဒါနဲ့ပတ်သက်ပြီး တပ်တွင်း အခြေအနေက ဆိုးဝါးတယ်။ ရဲဘော်တော်တော် များများ မပြေလည်ဘူး။ အရာရှိတွေရော ထင်းခုတ် ဝါးခုတ် လုပ်ပြီး စားနေရတယ်``လို့ အဲဒီတပ်က တပ်ကြပ်ကြီး တစ်ဦးရဲ့ သမီးဖြစ်သူက ဘီဘီစီကို ပြောပါတယ်။

သူကိုယ်တိုင်က တပ်မှာ မငြိမ်သက်လို့ လောလောဆယ် ရန်ကုန်မှာ ရောက်ရှိ နေထိုင်နေပါတယ်။

စားဝတ်နေရေး မပြေလည်တော့ ခမရ ၁၀၂ က ရဲဘော်တွေဟာ မုတ္တမ တောင်ပေါ်တက်ပြီး၊ ထင်းဝါးခုတ်ပြီး ရှာဖွေ စားသောက် နေရတယ်လို့ သိရပါတယ်။ တပ်တွင်းမှာလည်း အမိန့် မနာခံမှုတွေ ရှိနေပြီး၊ လုံခြုံရေးပါ အားနည်းနေတဲ့ အတွက် မိသားစုဝင် တချို့ဟာ တပ်ပြင်ပကို ပြောင်းရွှေ့ နေထိုင်ကြ ပါတယ်။

ရဲဘော်တွေ စုဆောင်းငွေတွေ ပြန်တောင်းတာကို တာဝန်ရှိသူတွေကတော့ မပေးဘဲ ပယ်ချဆဲ ဖြစ်ပါတယ်။