အိန္ဒိယနဲ့ မြန်မာ သဘောတူစာချုပ်များ လက်မှတ်ထိုး

မြန်မာစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ အိန္ဒိယကို ငါးရက်ကြာ ခရီးစဉ်အတွင်း နှစ်နိုင်ငံ သဘောတူ လက်မှတ်တွေ ရေးထိုးခဲ့ပါတယ်။

Image caption စာချုပ် ငါးခုကို လက်မှတ်ရေးထိုးခဲ့

အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန် ဆင်းနဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ ဆွေးနွေးပြီးတဲ့နောက် နှစ်နိုင်ငံကိုယ်စား သက်ဆိုင်ရာ နှစ်ဘက်ဝန်ကြီးတွေက စာချုပ် ငါးခု ကို အင်္ဂါနေ့က လက်မှတ်ရေးထိုးခဲ့တယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ နှစ်နိုင်ငံ ပူးတွဲကြေငြာချက်မှာ ဖော်ပြပါတယ်။

ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ခရီးစဉ်ရဲ့ အဓိက ရည်ရွယ်ချက်တစ်ခုဖြစ်တဲ့ နှစ်နိုင်ငံစီးပွားရေးနဲ့ လုံခြံရေးဆိုင်ရာ စာချုပ်တွေအပြင် ဖွံ့ဖြိုးရေးဆိုင်ရာစာချုပ်တွေလည်း ပါဝင်ပါတယ်။

ပထမစာချုပ်ကတော့ ရာဇဝတ်မှုဆိုင်ရာ နှစ်နိုင်ငံအပြန်အလှန် ကူညီရေး စာချုပ်ပါ။ နှစ်နိုင်ငံနယ်စပ်တွေမှာ ရှိကြတဲ့ သူပုန်တွေ၊ လက်နက်ကိုင်တွေ နဲ့ မူးယစ်မှောင်ခိုတွေကို ပူးတွဲနှိမ်နင်းဖို့ သဘောတူကြတာပါ။ ဒီကိစ္စကို ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း မှာကတည်းက ဆွေးနွေးသဘောတူခဲ့ပြီး အခု တရားဝင်လက်မှတ်ထိုးကြတာပါ။

နောက်သဘောတူညီမှုတွေမှာ ဖွံဖြိုးရေးလုပ်ငန်းငယ်တွေကို အိန္ဒိယက အကူအညီပေးမယ့်ကိစ္စ၊ သတင်းအချက်အလက် ပူးပေါင်းဆောင်ရွက်ရေး နဲ့ ပုဂံက အာနန္ဒာဘုရားကို အိန္ဒိယက အကုန်အကျခံ ပြုပြင်ထိန်းသိမ်းမယ့် ကိစ္စတွေမှာ နားလည်မှု စာချွန်လွှာတွေ ထိုးပါတယ်။

နောက်ပြီး သိပ္ပံနဲ့ နည်းပညာကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူစာချုပ်လက်မှတ်ထိုးပါတယ်။

Image caption မြန်မာ့ဒီမိုကရေစီရေးကိုတော့ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုတာ မရှိ

နောက်ပြီး စီးပွားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်တွေမှာလည်း သဘောတူညီမှုတွေ ရှိခဲ့ပါတယ်။

အိန္ဒိယက လက်ရှိ ရခိုင်ကမ်းလွန်က စွမ်းအင်လုပ်ကွက်တွေမှာ ရင်းနှီးမြှပ်နှံ ထားသလို နောက်ထပ် ရင်းနှီးမြှပ်နှံမယ့် ကိစ္စကို နှစ်နိုင်ငံခေါင်းဆောင်တွေ မနေ့က သဘောတူ ကြပါတယ်။ ဘယ်လောက်ပမာဏနဲ့ ဘယ်လို ထပ်ပြီး ရင်းနှီး မြှပ်နှံမယ်ဆိုတာတော့ နှစ်နိုင်ငံ ပူးတွဲကြေငြာချက်မှာ မဖော်ပြပါဘူး။

နောက်ထပ် သဘောတူတဲ့ တစ်ချက်ကတော့ မြန်မာနိုင်ငံ ရထားတွဲတွေနဲ့ ရထားလမ်း တွေအတွက် အိန္ဒိယဘက်က နောက်ထပ် ဒေါ်လာ သန်း ၆၀ ထုတ်ပေးမယ်လို့ ပြောပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံက ရထားလမ်း၊ ဆက်သွယ်ရေး၊ ရေနံချက်စက်ရုံ၊ ကားစက်ရုံ နဲ့ လျှပ်စစ်ဓာတ်အားလိုင်းတွေအတွက် အိန္ဒိယဘက်က ငွေထုတ်ပေးဖို့ သဘောတူတာ ဒေါ်လာ သန်း ၂၅၀ ရှိပြီလို့ ဆိုရမှာပါ။

ဒီလို စာချုပ်အများအပြားချုပ်ဆိုနိုင်ခဲ့ပေမယ့် ကမ္ဘာ့လူဦးရေအများဆုံး ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံဟာ မြန်မာ့ဒီမိုကရေစီရေးမှာတော့ နိုင်ငံတကာနဲ့ မြန်မာ့အတိုက်အခံတွေရဲ့ တောင်းဆိုမှုတွေကို မျက်ကွယ်ပြုပြီး ဆိတ်ဆိတ်ပဲ နေခဲ့ပါတယ်။

ပူးတွဲကြေငြာချက်မှာ ဖော်ပြတာကတော့ ဒီနှစ်ကုန်မှာ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ မြန်မာဘက်က ရှင်းပြသလို အိန္ဒိယဘက်ကလည်း မြန်မာနိုင်ငံက အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စနဲ့ ဒီမိုကရေစီရေးကိစ္စတွေမှာ ကျယ်ကျယ်ပြန်ပြန့်ပါဝင်လုပ်ဆောင်ဖို့ အရေးကြီးတယ်ဆိုတာ အလေးထားပြောခဲ့တယ်လို့ ဖော်ပြပါတယ်။

အိန္ဒိယအနေနဲ့ မလွှဲသာ မရှင်သာ ဒီလို ထုတ်ဖော်ပြောတာတွေ ရှိပေမယ့်လည်း အခု မြန်မာစစ်အစိုးရခေါင်းဆောင်ရဲ့ ခရီးစဉ်အတွင်းမှာ အဓိကကတော့ စီးပွားရေးကိစ္စနဲ့ ဒေသတွင်းမှာ အိန္ဒိယရဲ့ သြဇာကျဆင်းလာမှာကို တားဆီးကာကွယ်ချင်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်မှုတွေက ပိုများနေတာ တွေ့ရပါတယ်။