ရဲမွန်တပ်ကို တပ်တွေက ထပ်ဝိုင်းထား

ဘဏ်စုငွေတွေကို ထုတ်မပေးလို့ မကျေမနပ်ဖြစ်နေတဲ့ တပ်မ ၁၁ လက်အောက်ခံ ရဲမွန်တပ်မြို့က တပ်ရင်း ၈ ရင်းကို နေပြည်တော်က အထူးတပ်အပါအဝင် နေပြည်တော်ရဲ အထူးတပ်၊ အထူးထောက်လှမ်းရေးတပ်နဲ့ ရန်ကုန်တိုင်းတပ်တွေက အပြင်က ဝိုင်းရံထားပါတယ်။

Image caption တပ်မတော်သားတွေ မစုမနေစုရတဲ့ ငွေတွေ ပြန်ထုတ်ချင်လဲ မရလို့ မကြေနပ်ကြ။

အခုလို နေရာယူပြီး ဝိုင်းထားတဲ့တပ်က အင်အား ၄၀၀ သာသာလောက်ရှိတယ်လို့ အဝိုင်းခံထားရတဲ့ ရဲမွန်တပ်မြို့က ရဲဘော်တွေက ဘီဘီစီကို ပြောပါတယ်။ ရဲမွန်တပ်ရင်းတွေကတော့ ဝိုင်းထားတဲ့တပ်တွေကို တပ်ရင်းတွေထဲ အဝင်မခံဘဲ ပိတ်ထားပါတယ်။ တပ်ရဲ့အပြင်ကိုရောက်နေတဲ့ မိသားစုတွေကတော့ ပစ်ခတ်မှုတွေဖြစ်လာမှာ စိုးလို့ ရွာသားတွေရဲ့အကူအညီနဲ့ ရှောင်တိမ်းနေကြရတယ်လို့ ခမရ ၂၁၄ က တပ်ကြပ်တစ်ဦးက ပြောပါတယ်။

နေပြည်တော်က ဆင်းလာတဲ့ အထူးတပ်ဖွဲ့တွေကတော့ အင်အား ၂၀၀ လောက်ရှိပြီး ထောက်လှမ်းရေးအထူးတပ်ကတော့ အင်အား ၁၀၀ ကျော် လောက်နဲ့ ဆင်းလာကြောင်း၊ ဒါ့အပြင် တပ်ရင်း ၃၉၁၊ ၁၀၁ နဲ့ ၇၀၅ တပ်ရင်း ၃ ရင်းနဲ့လည်း ထပ်ဝိုင်းထားသေးကြောင်း ဘီဘီစီကို ပြောပါတယ်။ ဒီတပ်ရင်းတွေဟာ ရန်ကုန်က တပ်ရင်းတွေဖြစ်ပြီး ရဲမွန်တပ်မြို့ဝန်းကျင်မှာ ခွဲဖြန့်ပြီး နေရာယူ ထားကြတယ်လို့ ဆိုပါတယ်။

အဝိုင်းခံထားရတဲ့ တပ်ရင်းတွေမှာတော့ တပ်ရင်းတစ်ရင်းကို တပ်သား ၁၅၀ လောက်သာ ရှိကြပါတယ်။ နေပြည်တော်က တပ်တွေနဲ့အတူ မကွေး ဌာနချုပ်က တပ်မ ၈၈ တပ်မမှူးကိုယ်တိုင် ရောက်လာပြီး ရဲဘော်တွေကို ထိန်းသိမ်းဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

ရဲမွန်တပ်မြို့က အရာရှိအရာခံ အကြပ်တပ်သားတွေဟာ စားဝတ်နေရေးကြပ်တည်းလို့ သူတို့လစာထဲက ဖြတ်ပြီးစုထားတဲ့ ဘဏ်စုငွေတွေကို ပြန်ထုတ်ယူချင်ကြတာပါ။ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကလည်း ဒီလိုအဖြစ်မျိုး အင်းမအခြေချ တပ်မ ၆၆ မှာ ဖြစ်ခဲ့ပါသေးတယ်။ အဲဒီတုန်းကလည်း အခုလို အတင်းအကြပ် ဖိအားပေးတဲ့စံနစ်နဲ့ အချိန်ဆွဲပြီး ပိတ်ဆို့ထားခဲ့ဖူးပါတယ်။