မြန်မာစင်တင်ဂီတပြပွဲ ဆန္ဒပြ

uk_protest
Image caption ယူကေရောက် ကျောင်းသားများ ဂီတပွဲဆန္ဒပြ

မြန်မာအသင်း( ယူကေ ) ကကြီးမှူးကျင်းပတဲ့ မြန်မာအငြိမ့်နဲ့ စင်တင်တေးဂီတပွဲကို လန်ဒန်မြို့မှာ ကျင်းပရာမှာ၊ မြန်မာနိုင်ငံမှ ရုပ်ရှင်သရုပ်ဆောင် နေတိုးနဲ့ မိုးယုစံတို့ဟာ မြန်မာအစိုးရ ပေါ်လစီရုပ်ရှင်ကား ဖြစ်တဲ့ အရုဏ်ဦးမှာ ဖူးသည့်ကြာ မှာ ပါဝင်သရုပ်ဆောင်လို့ ယူကေရောက် မြန်မာကျောင်းသားတွေက ဆန္ဒပြကြ ပါတယ်။

ဒီဗီဒီယို ဇာတ်ကားဟာ ဦးသန့်အရေးအခင်းနဲ့ ဂဂ အရေးအခင်း လူထုလှုပ်ရှားမှုကို သေးသိမ်တဲ့ ဖေါ်ပြချက်တွေ ပါဝင်သလို၊ သမိုင်းအချက်အလက် ထိန်ချန်ထားတဲ့ အတွက် ဒီကားမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေကို အဓိကထား ကန့်ကွက်ဆန္ဒပြကြတါပါ။

ပွဲလာပရိတ်သတ်တွေဖက်ကလဲ ဆန္ဒပြကျောင်းသားတွေကို အထင်အမြင်သေးတဲ့အမြင်နဲ့ ကြည့်သွားတဲ့အကြောင်း၊ ကျောင်းသားတွေဖက်ကလဲ မြန်မာပညာတတ် လူချမ်းသာတွေ ဖြစ်ပါလျက်၊ မြန်မာနိုင်ငံသားတွေ အတိဒုက္ခရောက်၊ ဆင်းရဲနေတာကို စာနာရမှန်း မသိကြတဲ့ သူတွေအဖြစ် မြင်ကြောင်း၊ ဆန္ဒပြပွဲ စီစဉ်သူ တဦးဖြစ်တဲ့ ကိုထက်ခေါင်လွင်က ဘီဘီစီကို ပြောပြပါတယ်။

သရုပ်ဆောင်နေတိုးကိုလဲ တွေ့ဆုံစကားပြောခွင့်ရအောင် ကြိုးစားကြဦးမဲ့ အကြောင်းနဲ့ ၊ သရုပ်ဆောင် ကိုဇာကနာ၊ ကိုကျော်သူ နဲ့ အဆိုကျော် ဇေယျာသော် တို့လို ပြည်သူ့ အကျိုး ဦးစားပေး၊အနစ်နာခံနေကြတဲ့ အနုပညာရှင်တွေ အကြောင်း၊ ထောက်ပြ ပြောဆိုမဲ့ အကြောင်း ကိုထက်ခေါင်လွင်က ရှင်းပြပါတယ်။