ဆင်ဖြူမ နေပြည်တော်သယ်

ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ မကြာသေးမီက ဖမ်းဆီးရမိတဲ့ ဆင်ဖြူကို သြဂုတ်လ ၁ ရက်နေ့က ဘူးသီးတောင်ကနေ တဆင့် စစ်တွေမြို့ကို ရေတပ် သင်္ဘောနဲ့ သယ်ယူ လာခဲ့ကြပါတယ်။

Image caption ဗိုလ်ချုပ်ကြီးတွေ တကယ်ပဲ ဘုန်းကြီးသလား စတုတ္ထမြောက် ဆင်ဖြူ အဖမ်းခံထိ

ဒီသယ်ယူမှုကို ရခိုင် တိုင်မှူး ဗိုလ်ချုပ် သောင်းအေး ကိုယ်တိုင် လုံခြုံရေး တင်းတင်း ကျပ်ကျပ်နဲ့ သယ်ယူခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့ သြဂုတ်လ ၁ ရက်နေ့မှာတော့ ဆင်ဖြူဟာ စစ်တွေမြို့ကို ရောက်လာပါတယ်။ စစ်တွေကနေ နေပြည်တော်ကိုတော့ မော်တော်ကားနဲ့ သယ်ယူမယ်လို့ သိရပါတယ်။

အခုဖမ်းမိတဲ့ ဆင်ဖြူဟာ အမဖြစ်ပြီး အသက်က ၃၈ နှစ် ရှိပြီလို့ ဆိုပါတယ်။ စစ်အစိုးရ လက်ထက်မှာတော့ ဒီဆင်ဖြူဟာ စတုတ္ထမြောက် အဖမ်းခံရတဲ့ ဆင်ဖြူ ဖြစ်ပါတယ်။

ရခိုင်မှာ သယ်လာတော့ ရှားရှား ပါးပါး ဆင်ဖြူကို လူတွေကို အနားကပ် ကြည့်ခွင့် မပေးဘူးလို့ ရခိုင်မြို့ခံတွေက ပြောပါတယ်။ ဆင်ဖြူကို ရခိုင်တွေ လုမှာကို စိုးရိမ်ပုံ ရတယ်လို့ ဒေသခံ တစ်ဦးက ရယ်ရယ် ပြုံးပြုံး ပြောပါတယ်။