ကြံ့ခိုင်ရေး အသင်းဝင် ရဲ့ ကချင် ပါတီမှတ်ပုံတင်ခွင့်ရ

ရွေးကောက်ပွဲ ကော်မရှင်က ကချင် တိုင်းရင်းသား အဖွဲ့တွေ စုပေါင်း ပါဝင်တဲ့ KSPP ကချင်ပြည်နယ် တိုးတက်ရေး ပါတီကို မှတ်ပုံတင်ခွင့် မပေးသေးဘဲ ဆိုင်းငံ့ ထားချိန်မှာ ကြံ့ခိုင် ဖွံဖြိုးရေး အသင်းဝင် ဖြစ်ခဲ့သူ ခေါင်းဆောင်တဲ့ ကချင်ပါတီ တစ်ခုကို မှတ်ပုံ တင်ခွင့် ပေးလိုက်တာ ကြောင့် ကချင်တိုင်းရင်း သားတွေ ကြားမှာ မကျေမနပ် ဖြစ်နေကြ ပါတယ်။

Image caption ကချင်ပြည်နယ် ကိုယ်စားပြု ယှဉ်ပြိုင်မယ့် ပါတီတွေ မျတ်ပုံတင်ခွင့် ကြန့်ကြာနေ

ရွေးကောက်ပွဲ ကော်မရှင်က စည်းလုံး ညီညွတ် ရေးနှင့် ဒီမိုကရေစီပါတီ ကချင် ပြည်နယ် ဆိုတဲ့ UDPKS ပါတီကို သတ်မှတ် ထားတဲ့ စည်းကမ်း ချက် တွေနဲ့ အညီ မှတ်ပုံ တင်ခွင့် ပြုခဲ့ ပေမဲ့ ဧပြီလ ကတည်းက လျှောက်ထားတဲ့ ကချင် ပြည်နယ် တိုးတက်ရေး ပါတီ KSPP ကို အချိန် စောင့် ဆိုင်းဖို့ ပြောနေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၃ နေ့ကမှ စလျှောက် ထားတဲ့ UDPKS ပါတီ ကိုတစ်လ မပြည့်သေးခင် ခွင့်ပြုခဲ့လို့ ကချင် တိုင်းရင်းသား အတော် များများက မကျေ မနပ် ဖြစ်ကြ တာပါ။

KSPP ပါတီဟာ ဘယ်လို စည်းကမ်း သတ်မှတ်ချက် တွေနဲ့ မကိုက်ညီလို့ မှတ်ပုံတင်ခွင့် ကြန့်ကြာ နေတယ်ဆိုတာ တိတိကျကျ မသိရပေမယ့်၊ ပါတီ ခေါင်းဆောင် ဒေါက်တာ တူးဂျာဟာ KIO ကချင် လက်နက်ကိုင် အဖွဲ့နဲ့ ဆက်စပ်မှု ရှိနေတယ် ဆိုပြီး ရွေးကောက်ပွဲ ကော်မရှင်က ပြောထား ပါတယ်။

လောလောဆယ်မှာ ကချင်လူထုက ထောက်ခံ နိုင်တယ်လို့ ယူဆရတဲ့ ပါတီ သုံးခုလောက် မှတ်ပုံတင်ခွင့် မရသေးပါဘူး ဒါကြောင့် ကချင်ပြည်နယ် အတွင်းမှာ အစိုးရ အဖွဲ့ဝင်တွေ ဦးစီးတဲ့ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ၊ သူတို့နဲ့ ဆက်နွယ်မှု ရှိနေတဲ့ UDPKS ပါတီ၊ ၁၉၉၀ ရွေးကောက်ပွဲတုန်းက NLD ကို ရှုံးနိမ့်ခဲ့တဲ့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ တို့သာ ရွေးကောက်ပွဲ ဝင်ခွင့် ရဖို့ သေချာတဲ့ အနေအထားမှာ ရှိနေ ပါတယ်။