ဝတပ်ဖွဲ့က လက်နက်ရောင်းဝယ်ရေးဈေးကွက် တိုးချဲ့

တရုတ်နယ်စပ်အနီး ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ အခြေစိုက်တဲ့ UWSA ဝ ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ဟာ လက်နက်ထုတ်လုပ်ရောင်းချမှုကို ပြည်တွင်းမှာသာမက အိမ်နီးနားချင်းနိုင်ငံတွေဆီအထိ တိုးချဲ့နေပါတယ်။

Image caption ဝတပ်ဖွဲ့က လက်နက်လမ်းကြောင်းသစ်ရှာနေ

ဝ တပ်ဖွဲ့ဟာ ဗမာပြည်ကွန်မြူနစ်ပါတီ အင်အားကောင်းခဲ့စဉ်ကတည်းက တရုတ်ပြည်က ထောက်ပံ့ထားတဲ့ လက်နက်ငယ်စက်ရုံတွေ ပိုင်ဆိုင်ထားခဲ့တာပါ။

အဲဒီတုန်းကတော့ အရည်အသွေးမကောင်းတဲ့ လက်နက်တွေ ဖြစ်ခဲ့ပေမယ့် အခုတော့ သူတို့ထုတ်လုပ်တဲ့ လက်နက်တွေဟာ နီပေါနဲ့ အိန္ဒိယအထိ ရောင်းနိုင်တဲ့ အဆင့်ကို ရောက်နေပြီလို့ အန္ဒိယအခြေစိုက် ဘီဘီစီ သတင်းထောက် ဆူဘီယာ ဘူးမစ်က ပြောပါတယ်။

UWSA အဖွဲ့ဟာ အိန္ဒိယမှာ ရှိတဲ့ မော်ဝါဒီသူပုန်တွေနဲ့ ဆက်သွယ်ပေးဖို့ သူ့ဆီချဉ်းကပ်ခဲ့တာကို ထောက်ပြပြီး သူက အခုလို ထုတ်ဖေါ်ပြောဆို လိုက်တာပါ။ ဆူဘီယာ ဟာ အိန္ဒိယ မော်ဝါဒီ သူပုန်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမေးမြန်းခဲ့ဖူးသူပါ။

UWSA ဆီက လက်နက်တွေကို ဘင်္ဂလားဒေ့ချ် လမ်းကြောင်းကနေ တဆင့်ခံပြီး အရောင်းအဝယ်လုပ်ပေးနေတဲ့ အာသံပြည်နယ် လွတ်မြောက်ရေးတပ်ဦး အူဖာ ဆိုတဲ အိန္ဒိယသူပုန်အဖွဲ့ကို ဘင်္ဂလားဒေ့ချ်အစိုးရက နှိမ်နင်းခဲ့လို့ လက်နက်ဝယ်ယူရေးလမ်းကြောင်း ကွင်းဆက်ပြတ်သွားတဲ့အတွက် UWSA အဖွဲ့က အခုလို သူ့ကို ချဉ်းကပ်လာတာဖြစ်တယ်လို့ ဆူဘီယာက ပြောပါတယ်။

UWSA နဲ့ ကိုးကန့်အဖွဲ့တွေမှာ လက်နက်စက်ရုံတွေ ရှိပြီး ပြည်တွင်းက လက်နက်ကိုင်အဖွဲ့တွေကိုလည်း လက်နက်ရောင်းပါတယ်။

SSA တောင်ပိုင်းကလည်း ပြီးခဲ့တဲ့ နှစ်နှစ် သုံးနှစ်က လက်နက်တွေဝယ်ခဲ့ဖူးကြောင်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့အခြေစိုက် ရှမ်းသံတော်ဆင့်သတင်းဌာနရဲ့ အယ်ဒီတာ ဦးခွန်ဆိုင်းက ဘီဘီစီကို ပြောပါတယ်။

သူတို့အဓိက လုပ်တဲ့လက်နက်က အမ် ၂၁၊ အမ် ၂၂ မောင်းပြန်ရိုင်ဖယ်တွေပဲ ဖြစ်ပြီး ကိုးကန့်နဲ့ NDAA လို့ခေါ်တဲ့ မုန်းလားအဖွဲ့က မနှစ်တုန်းက လက်နက်တွေ ထုတ်ပြခဲ့ကြောင်း ဦးခွန်ဆိုင်းက ပြောပါတယ်။

ဘီဘီစီ တရုတ်ဘာသာအစီအစဉ်က အယ်ဒီတာ ရှရွန်ချမ်းက ဝ တပ်ဖွဲ့က လက်နက်တွေက တရုတ်မော်ဒယ်ပုံစံတွေ ဖြစ်ပေမယ့် တရုတ်အဖွဲ့အစည်းတစ်ခုခုနဲ့ နားလည်မှုယူပြီး လုပ်တဲ့ကိစ္စတာ ဖြစ်တယ်၊ ဒါပေမယ့် တရုတ်အစိုးရ ဒါမှမဟုတ် တရုတ်ကုမ္ပဏီတခုခုကနေ လက်နက်ပစ္စည်းတွေ ထုတ်လုပ်ခွင့်ပြုပါတယ် ဆိုပြီးပေးထားတဲ့ တရားဝင်ခွင့်ပြုစာ လက်မှတ် ထုတ်ပေးထားတာတော့ မဟုတ်ကြောင်း ပြောပါတယ်။