ချင်းပြည်နယ်တောင်ပိုင်းမှာ တောင်ယာတွေကို ကြွက်တွေဖျက်ဆီး

ကြွက်ကြောင့် တောင်ယာတွေပျက်
Image caption ကြွက်ကြောင့် တောင်ယာတွေပျက်

ချင်းပြည်နယ်တောင်ပိုင်း မတူပီနဲ့ ပလက်ဝ မြို့နယ်ထဲက ကျေးရွာ ၂၀ ကျော်မှာ ကြွက်တွေဖျက်ဆီးလို့ စိုက်ပျိုးသီးနှံတွေ ပျက်စီးပြီး လူတွေ အခက်အခဲတွေနဲ့ ကြုံနေရပါတယ်။

မတူပီမြို့နယ်ထဲက ၁၅ ရွာနဲ့ ပလက်ဝမြို့နယ်ထဲက ရွာ ၅ ရွာဟာ ကြွက်တွေဖျက်ဆီးလို့ တောင်ယာတွေ ၊ စပါးတွေ ပြောင်းတွေနဲ့ တခြားသီးနှံတွေ ပျက်စီးကုန်ပါတယ်။

မတူပီမြို့နယ် နဖမ်းကျေးရွာ စိုက်ပျိုးခင်းတွေကို ကြွက်တွေဖျက်ဆီးခံရကြောင်း ရွာခံတစ်ဦးပြောပြချက်အရသိရတယ်လို့ ခွန်းနုထုံ သတင်းဌါန လက်ထောက်အယ်ဒီတာ ကိုရောဘတ်က ဘီဘီစီကိုပြောပြပါတယ်။

ဖလန်းနဲ့ မိုင် ၂၀ ခန့်ဝေးတဲ့ လုံပန်းရွာမှာ ကြွက်တွေဟာ ညအချိန် တောင်ယာစိုက်ခင်း နဲ့ ပြောင်းခင်းတွေကို ကိုက်ဖြတ်စားသောက်နေတာ အရင်ကထက်ပိုများနေကြောင်း ရွာသားတွေက စုပေါင်းပြီး ကြွက်တွေကို သတ်ဖြတ်နေရကြောင်း တောင်ယာစိုက်ခင်း ၄၀ ရာခိုင်နှုန်းလောက် ပျက်စီးကုန်တယ်လို့ ယူဆရကြောင်း ရွာခံတစ်ဦးက ဘီဘီစီကို ပြောပြပါတယ်။

အခုလို ကြွက်တွေရဲ့ရန်ကြောင့် တောင်ယာစိုက်ခင်းတွေ ပျက်စီးလို့ စားဝတ်နေရေးခက်ခဲလာတဲ့အတွက် ဒေသခံရွာသားတွေဟာ နယ်စပ်ကိုကျော်ပြီး အိန္ဒိယ နိုင်ငံဘက် လာရောက်ကာ အလုပ်အကိုင် ရှာဖွေ လုပ်ကိုင်နေကြတယ်လို့ သိရပါတယ်။