နအဖစစ်ဗိုလ်ချုပ်တွေရဲ့ ယဉ်တန်း မြဝတီ အဝေးပြေး လမ်းမှာတိုက်ခံရ

Image caption စစ်ထရပ်ကားပေါ်က မြန်မာစစ်သားတွေ

ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့ (ကစထ)မှူး၊ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်နဲ့ တပ်မတော်စစ်ဆေးရေးနဲ့ စာရင်းစစ်ချုပ်၊ကြည်း၊ရေး၊လေ ၊ဗိုလ်ချုပ်မောင် ရှိန်တို့ လိုက်ပါသွားတဲ့၊ စစ်ယာဉ်တန်းဟာ ၊ ကော့ကရိတ်မြို့ကနေ ၅ မိုင်ဝေးတဲ့၊ အောက် ဗိုလ်တဲနား အရောက်မှာ ခြုံခို တိုက်ခိုက်ခံခဲ့ရပါတယ်လို့ အာဏာပိုင်တွေနဲ့ နီးစပ်တဲ့၊ ကော့ကရိတ်မြို့ခံက ပြောပါတယ်။

ကား ၁၅ စီးပါတဲ့ ယာဉ်တန်းကို၊ ၇၉ မမ လက်နက်နဲ့ လှမ်းပြီးပစ်ခတ် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ဒီလိုပစ်ခတ်မှုကြောင့် ရဲဘော်နှစ်ယောက် အပြင်းအထန် ဒါဏ်ရာရသွားပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး၊ကေအင်ယူကတော့ သူတို့ တိုက်ခိုက်တာမဟုတ်ဘူးလို့ငြင်းဆိုပါတယ်။

ဒုတိယ ဗိုလ်ချုပ်ကြီးခင်ဇော်နဲ့အဖွဲ့ဟာ ၊ထိုင်း၊မြန်မာနယ်စပ်ကိစ္စအပြင် ၊ဒီကေဘီအေတပ်တွေ ဘီဂျီအက်ဖ်လို့ခေါ်တဲ့ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးနဲ့ တခြားလုံခြုံ ရေး ကိစ္စတွေအတွက်၊ မြ၀တီမြို့ကို လာတာလို့ မြ၀တီအာဏာပိုင်တွေနဲ့ နီးစပ်တဲ့သူတွေက ပြောပါတယ်။

ဒုတိယ ဗိုလ်ချုပ်ကြီးခင်ဇော်တို့ အဖွဲ့အခု တိုက်ခိုက်ခံရတဲ့၊ နေရာတဝိုက်မှာ မနေ့ညတုံးက ၊ဒီကေဘီအေတပ်ဖွဲ့တွေ အချင်းချင်း ကြားမှာ တိုက်ပွဲဖြစ်ခဲ့ပါတယ်။

နအဖရဲ့ နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းဖို့ လက်ခံထားတဲ့၊ ဒီကေဘီအေ ဗိုလ် မုတ်သုံတပ်နဲ့ ဗိုလ်ချစ်သူတပ်တွေ ပေါင်းပြီးတော့၊ နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းဖို့ လက်မခံတဲ့၊ အောက်ဗိုလ်တဲနားမှာ အခြေ စိုက်တဲ့၊ ဗိုလ်နှုတ်ခမ်းမွှေးတပ်ကို တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အဲဒီတိုက်ပွဲမှာ ဗိုလ်နှုတ်ခမ်းမွှေးတပ်က၊ တယောက်သေဆုံးပြီးတော့ ၊ကျန်တဲ့အယော က် ၂၀ ကျော်က၊ သူတို့အတွက်လုံခြုံတဲ့နေရာကို ရောက်နေပြီလို့သိရပါတယ်။

ဘီဂျီအက်ဖ်လို့ခေါ်တဲ့ နယ်ခြားစောင့်တပ်အဖြစ် ၊ဒီကေဘီအေတပ်တွေအသွင်ပြောင်းရေးနဲ့ ပတ်သက်ပြီးတော့၊ ဒီကေဘီအေတပ်တွေ အချင်းချင်းကြားမှာကော၊ နအဖနဲ့ဒီ ကေဘီအေတပ်တွေကြားမှာပါ သုံးပွင့်ဆိုင် တင်းမားမှုတွေ ဖြစ်နေတယ်လို့ ဒီကေဘီအေ အောက်ခြေ အရာရှိငယ်တွေကြားမှာ ပြောဆိုနေကြပါတယ်။