၈လေးလုံး အုံကြွမှုကြီးကို ပြန်အောင့်မေ့

တစ်ပါတီဆိုရှယ်လစ်စနစ်ကို ဖျက်သိမ်းပြီး ဒီမိုကရေစီစနစ်ဆီသွားနိုင်ဖို့ ကျောင်းသားတွေကစလို့ ရဟန်းသံဃာတွေပါမကျန် လူထုတစ်ရပ်လုံး ပါဝင်လှုပ်ရှားခဲ့တဲ့ ၈ လေးလုံးအရေးတော်ပုံကြီးဟာ မနက်ဖြန်ဆိုရင် ၂၂ နှစ်ပြည့်ပါပြီ။

Image caption လန်ဒန်ရှိ မြန်မာသံရုံးရှေ့မှာ ဆန္ဒပြ

ဒါကြောင့် မြန်မာ့အရေးလှုပ်ရှားသူတွေက ဒီအရေးတော်မှာ ကျဆုံးခဲ့တဲ့ သူတွေကို ဂုဏ်ပြုအောင့်မေ့ရင်း ဒီမိုကရေစီရေးကို ဆက်လက်တောင်း ဆိုနေကြဆဲ၊ ပြည်သူတွေကလဲ ၂၂ နှစ်ကြာလာသည့်တိုင် ဒီမိုကရေစီရမယ့်နေ့ကို ဆက်လက် မျှော်လင့်စောင့်စားဆဲ ဖြစ်ပါတယ်။

သောကြာနေ့ နေ့လယ်ပိုင်းက လန်ဒန်မှာ ရှိတဲ့ မြန်မာသံရုံးရှေ့မှာ မြန်မာ့အရေးလှုပ်ရှားသူတွေ၊ ဗြိတိန်ရောက် မြန်မာကျောင်းသားတွေအပါအဝင် လူရာဂဏန်းလောက်ဟာ ''ဒီမိုကရေစီရရှိရေး ဒို့အရေး'' ဆိုတဲ့ 88 တုန်းက စခဲ့တဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

ဒီပွဲမှာ NCGUB အဝေးရောက်ညွန်ပေါင်းအစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ စိန်ဝင်းကလည်း သူပါဝင်ကြုံတွေ့ခဲ့ရတဲ့ ၈ လေးလုံး အရေးတော်ပုံကြီးအကြောင်း ရှင်းပြပါတယ်။

၈ ရက် ၈ လ ၁၉၈၈ ရက်နေ့မှာပဲ စစ်တပ်က ဖြိုခွင်းလို့ ဆန္ဒပြသူတွေ အသက်ပေးခဲ့ရတယ်၊ ရန်ကုန် ဆူးလေဘုရားနားမှာ ဖြစ်တယ်ဆိုတဲ့အကြောင်း စစ်တပ်အရာရှိဟောင်း ဗိုလ်မှုးအောင်လင်းထွဋ်က ပြောပါတယ်။ သူဟာ စစ်သားတစ်ဦးအနေနဲ့ ရွှေတိဂုံပေါ်မှာ ပထမတာဝန်ကျပေမယ့် နောက်ပိုင်းမှာ သပိတ်အင်အားက များလာတာကြောင့် သူတို့အဖွဲ့ဟာ ဘုရားပေါ်ကနေ ခွာခဲ့ရတယ်လို့ ပြောပါတယ်။

တပ်မတော်သားတွေဟာလည်း ပြည်သူထဲက ပေါက်ဖွားလာတာမို့ အဲဒီတုန်းက စစ်တပ် တပ်မဟာ ၁၁ နဲ့ ၂၂ ရဲ့ နှိမ်နင်းမှုတွေကို တခြားစစ်သားတွေက မကျေနပ်ကြဘူးလို့ ဗိုလ်မှုးအောင်လင်းထွဋ်က ပြောပါတယ်။

နောက်ပြီး တခြားဘက်ကမှာတော့ အဲဒီတုန်းက ဒီမိုကရေစီအင်အားစုတွေကြား ခေါင်းဆောင်တွေများပြီး တစ်ယောက်တစ်ပေါက်ဖြစ်နေခဲ့တယ်လို့ သူ့အမြင်ကို ပြောပြပါတယ်။