စစ်တပ် တပ်ရင်းတချို့ ဘဏ်စုငွေ ထပ်တောင်းဆို

Soldiers
Image caption အောက်ခြေတပ်သားတွေ အတွက် စားဝတ်နေရေးက ပြဿနာကြီး ဖြစ်လာနေ။

ဘဏ်စုငွေပြန်ထုတ်ပေးဖို့ ထပ်မံတောင်းဆိုလာတဲ့ တပ်ရင်းတွေကတော့ ရန်ကုန်တိုင်း စစ်ဋ္ဌာနချုပ်လက်အောက်ခံ မှော်ဘီအခြေစိုက် ခမရ ၇၀၁၊ ၇၀၂ နဲ့ ၇၀၃ က အောက်ခြေ အကြပ် တပ်သားတွေ ဖြစ်ပါတယ်။

သူတို့ဟာ အရင်ကလည်း တောင်းဆိုခဲ့ ဖူးပေမယ့် အနည်းစု ဖြစ်တာကြောင့် ခြိမ်းခြောက်ခံရလို့ ဒီအတိုင်း နေခဲ့ရပါတယ်။ အခုတော့ အများစုက တစုတဝေး တောင်းဆို လာပြန်တာပါ။

ဒါပေမယ့်လည်း အထက်အရာရှိတွေက ဘာမှမဖြေရှင်းပေးဘဲ စောင့်ကြည့်ခြင်းကိုသာ ခံနေရတယ်လို့ ခမရ ၇၀၁က တပ်ကြပ်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

အရင်တုန်းက ဘဏ်စုငွေတွေ ပြန်တောင်းလို့ သူတို့ကို ဘယ်နယ်စပ် ဘယ်ရှေ့တန်းကိုသွားချင်သလဲ ပို့လိုက်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်လို့ဆိုပါတယ်၊

အဲဒီတုန်းက ကြောက်လို့ပြန်မပြောရဲခဲ့ဘူး၊ အခုတော့ အားလုံးစုပြီး အထက်ကိုတောင်းဆိုတာလို့ အဲဒီတပ်ကြပ်ကပဲ ဘီဘီစီကို ပြောပါတယ်။

ဒီလိုနောက်တစ်ကြိမ်ထပ်မံတောင်းဆိုလာကြတာဟာ ရဲမွန်တပ်ဖွဲ့တွေရဲ့ ဘဏ်စုငွေပြန်တောင်းတဲ့ သတင်းကိုသိရလို့ ဖြစ်သလို ရဲမွန်တပ်ဖွဲ့တွေရဲ့ လုပ်ရပ်ကိုလည်း ထောက်ခံကြပါတယ် လို့လည်း ပြောပါတယ်။

ရဲမွန်တပ်မှာ ဖြစ်နေတဲ့ ရဲဘော်တွေရဲ့လုပ်ရပ်က မှန်ကန်တဲ့အကြောင်း ကိုယ့်အခွင့်အရေးကို ကိုယ်တောင်းဆိုတာဖြစ်ကြောင်း တကယ်လို့ ရဲမွန်မှာဖြစ်သလို ဖြစ်လာရင်လည်း လုံခြုံရေးတပ်ဖြစ်ဖြစ် ဘယ်လိုတပ်ပဲလာလာ သူတို့အဖို့ ဂရုစိုက်မှာ မဟုတ်ကြောင်း၊ သူတို့ရဲ့အခြေအနေက လက်ရှိလစာနဲ့ဆိုရင် ယူနီဖေါင်းပြဲတာကအစ ပြန်ဝယ်လို့ မရအောင် မလောက်မငှ ဖြစ်နေကြောင်း ဘီဘီစီကို ပြောပါတယ်။

တကယ်တော့ ရဲဘော်တွေရဲ့လစာထဲက တစ်လ ကျပ် ၅၀၀၀ နှုန်းနဲ့ ဘဏ်မှာစုလာခဲ့တာ တချို့ဆိုရင် စစ်သက် ၇ နှစ်တောင် ကျော်ခဲ့ပြီလို့ ဆိုပါတယ်။ ဒီစုငွေတွေကို လိုတဲ့အခါ ပြန်ထုတ်လို့မရလို့ တပ်ကပြေးတဲ့သူတွေလည်း များလာနေတယ်လို့ ဆိုပါတယ်။

တပ်ပြေးတွေ များလာတဲ့အခါ အထက်ကို မတင်ပြဘဲ ပြေးတဲ့သူတွေရဲ့လစာတွေကို အရာရှိတွေက ဖြတ်ပြီးယူတယ်၊ ဘဏ်မှာ စုထားတဲ့ ငွေတွေကိုလည်း ဘဏ်နဲ့ နားလည်မှုယူပြီး အထက်လူကြီးတွေက သွားထုတ်လို့ရတဲ့အကြောင်း ခမရ ၇၀၁ တပ်ကြပ်က ဘီဘီစီကို ပြောပါတယ်။

တပ်မတော်သားတွေဟာ မစုမနေရ စနစ်နဲ့ လစာအထဲက ငွေတွေ စုနေကြရပြီး အခုလို ကုန်စျေးနှုန်းတွေကြီးလာတဲ့ အခါ ကိုယ့်စုငွေကို ကိုယ်ပြန်ရချင်လို့ တောင်းပေမယ့် မရဘဲ ဖြစ်နေကြပါတယ်။

တပ်ရင်း တပ်ဖွဲ့ အတော်များများမှာ ဒီလို အခြေအနေနဲ့ ကြုံနေကြရပေမယ့် ပြေလည်အောင် ဖြေရှင်းပေးတယ်ဆိုတာ မကြားရသေးဘဲ ရှိနေပါတယ်။