ဗိုလ်ချုပ်ဆေထင် ရုတ်တရက် ထောင်ပြောင်း

ရှမ်း တော်လှန်ရေး ခေါင်းဆောင်
Image caption ရှမ်း တော်လှန်ရေး ခေါင်းဆောင် ဗိုလ်ချုပ် ဆေထင်

ရှမ်းပြည် အတိုင်ပင်ခံကောင်စီကို ဖွဲ့စည်းဖို့ကြိုးစားလို့ ထောင်ဒဏ် နှစ် ၁၀၀ ကျော် အပြစ်ပေးခံထားရတဲ့ SSA မြောက်ပိုင်းအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဆေထင်ကို အာဏာပိုင်တွေက ခန္တီးထောင်ကနေ စစ်တွေထောင်ကို ပြောင်းရွှေ့လိုက်ပါတယ်။

တကယ်တော့ ဗိုလ်ချုပ်ဆေထင်ကို ခန္တီးထောင်ကနေ မန္တလေး အိုးဘိုအကျဉ်းထောင်ကို ဆေးကုဖို့ ပြောင်းရွှေ့ပေးတော့မယ်ဆိုပြီးသတင်းထွက်လာခဲ့ပါသေးတယ်။ အခုတော့ ဗိုလ်ချုပ်ဆေထင်ကို ဒီကနေ့ စနေနေ့ မွန်းလွဲ ၂ နာရီမထိုးခင် စစ်တွေမြို့ကို ဆိုက်တဲ့လေယာဉ်နဲ့ခေါ်လာတာ တွေ့ရတယ်လို့ မြင်လိုက်ရသူတချို့က ဘီဘီစီကိုပြောပါတယ်။

ပထမ မန္တလေးထောင်ကို ပြောင်းတာတော့အမှန်ဖြစ်ကြောင်း မန္တလေးထောင်ကို ထောင်ဝင်စာသွားတွေ့တဲ့အခါကျတော့ ပြီးခဲ့တဲ့ ၅ ရက်နေ့ကပဲ ရန်ကုန်ကို ပို့လိုက်ပြီ လို့ပြောထောင်အာဏာပိုင်တွေက ပြောလိုက်ကြောင်း ဗိုလ်ချုပ်ဆေထင်ရဲ့သမီးဖြစ်သူ နမ်းခမ်းပေါင်းက ဘီဘီစီကိုပြောပါတယ်။

တခါ ၇ ရက်နေ့မှာ အင်းစိန်ထောင်ကို သွားမေးတဲ့အခါ သူမရဲ့ဖခင်ဖြစ်သူကို ဒီကနေ့ပဲ စစ်တွေထောင်ကို ပို့လိုက်ပြီလို့ ထောင်အာဏာပိုင်တွေက ပြောလိုက်ကြောင်း နန်းခမ်းပေါင်းက ပြောပြပါတယ်။

ဖခင်ဖြစ်သူ မကျန်းမာလို့ ဆေးကုပေးဖို့စာတင်ထားတဲ့အတွက် အခုလို မန္တလေးနဲ့ အင်းစိန်ထောင်ကို ပြောင်းခဲ့တာလို့ ယူဆခဲ့ပေမယ့် အခုတော့ ဆေးမကုပေးတဲ့အပြင် ခန္တီးထောင်နဲ့ ဘာမှ မခြားနားတဲ့ စစ်တွေထောင်ကို ပို့ပေးလိုက်တာဖြစ်တယ်လို့လည်း ဘီဘီစီကို ပြောပါတယ်။

အခုလို စစ်တွေထောင်ကို ရုတ်တရက်ပြောင်းရွှေ့ခဲ့ခြင်းနဲ့ပတ်သက်ပြီး သက်ဆိုင်ရာက ဘယ်လိုအကြောင်းပြချက်မှ မပေးခဲ့ဘူးလို့လည်း သမီးဖြစ်သူ နမ်းခမ်းပေါင်းက ပြောပါတယ်။ လွန်ခဲ့တဲ့ ၆ လပိုင်း ဖခင်ဖြစ်သူနဲ့ နောက်ဆုံးထောင်ဝင်စာသွားတွေ့စဉ်တုန်းကလည်း ဖခင်ဖြစ်သူက ထောင်ထဲမှာ အာဏာပိုင်နဲ့ ပြဿနာ တစုံတရာဖြစ်တယ်ဆိုတဲ့စကား သူမကို မပြောခဲ့လို့ ဘာ့ကြောင့် ထောင်ပြောင်းလိုက်တယ်ဆိုတာ သူမသိတဲ့အကြောင်း ပြောပါတယ်။ ထောင်ပြောင်းတာကိုတောင်မှ မိသားစုကို အသိပေး အကြောင်းမကြားခဲ့ဘူးလို့ လည်း ပြောပါတယ်။

စစ်တွေကိုလိုက်ပြီး ဖခင်နဲ့သွားတွေ့မှာဖြစ်ပြီး စစ်တွေထောင်မှာ ဖခင်နဲ့ တွေ့ခွင့်ရမယ်လို့ယုံကြည်ကြောင်းနဲ့ အာဏာပိုင်တွေက သူ့ဖခင်ကို စစ်တွေထောင်မှာ ဆေးဝါးကုသပေးမယ်လို့ သူ မျှော်လင့်ကြောင်း ဘီဘီစီကို နမ်းခမ်းပေါင်းက ပြောဆိုပါတယ်။