ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာ ၁၃ လွတ်ရမည်

ဥပဒေအရ ချုပ်နှောင်ထားတဲ့ ရက်စေ့ရင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ကို လွှတ်ရမယ်၊ မလွှတ်ဘူးဆိုရင် ဥပဒေ စိုးမိုးမှု မရှိဘူး၊ ဥပဒေမဲ့တဲ့ လုပ်ရပ် ဖြစ်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဦးဉာဏ်ဝင်း က ဘီဘီစီကို ပြောပါတယ်။

Image caption ဒေါ်အောင်ဆန်းစုကြည်

မဖိတ်ခေါ်ဘဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံဝိုင်း ထဲကို အမေရိကန်နိုင်ငံသား ဂျွန်ဝီလီယံယက် တော က အင်းလျားကန်ကို ဖြတ်ပြီး ရေကူး ဝင်ရောက် ခဲ့ပြီးနောက်မှာ ဒေါ်အောင်ဆန်း စုကြည်ကို အပြစ်ရှိတယ်ဆိုပြီး တရားရုံးက ထောင်ဒဏ် ၃ နှစ် အပြစ်ပေး ခဲ့ပေမယ့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ထောက်ထားရမယ့် အကြောင်းတွေ ရှိလို့ ဆိုပြီး နေအိမ် အကျယ်ချုပ် ၁၈ လ အဖြစ် ပြစ်ဒဏ် လျှော့ပေါ့ ပေးခဲ့ပါတယ်။

ဒီကနေ့ဆိုရင် နေအိမ် အကျယ်ချုပ် ပြစ်ဒဏ် ကျခံနေတာ တစ်နှစ် ပြည့်သွားပြီ ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ ရှေ့နေ ဦးဉာဏ်ဝင်း၊ ဒေါ်ခင်ဌေးကြွယ် တို့နဲ့ နှစ်နာရီကြာ တွေ့ဆုံ ခဲ့ပါတယ်။

``(၂၀၀၉) မေလ ၁၄ ရက် က စရင် ၂၀၁၀ နိုဝင်ဘာ ၁၃ မှာ တစ်နှစ်ခွဲ ကုန်ဆုံးမယ်၊ ၂၀၁၀ နိုဝင်ဘာ ၁၃ ရက်မှာ ပြန်လွတ်မယ်လို့ ယူဆပါတယ်``လို့ ဦးဉာဏ်ဝင်း က ဘီဘီစီကို ပြောပါတယ်။

Image caption ပြည်သူအများရဲ့ ချစ်ခင်လေးစားမှုကိုရတဲ့ ဒေါ်အောင်ဆန်းစုကြည်

ဒေါ်အောင်ဆန်းစုကြည်ဟာ သက်ဆိုင်ရာက ပြောထားတဲ့ စည်းကမ်းတွေကို ဘာတစ်ခုမှ ဖောက်ဖျက်ခဲ့တာ မရှိဘူး၊ ကောင်းမွန်စွာ နေခဲ့တယ်၊ ဒီ ချွင်းချက်အရ ကောင်းမွန်စွာ နေနေတာ ဖြစ်လို့ တစ်နှစ်ခွဲ မပြည့်ခင်တောင် လွတ်နိုင်တယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

သက်ဆိုင်ရာက မလွှတ်ချင်သေးတာတောင်မှ ချုပ်ရက် စေ့သွားတဲ့အခါ ဆက်လက် ချုပ်နှောင် ဖို့ ဥပဒေက ဘာမှ မရှိဘူးလို့ သူက ဆိုပါတယ်။

``လူတစ်ယောက်ကို ၁၀ ရက် ထောင်ဒဏ် ချတယ်၊ ၁၀ ရက်စေ့ပြီးရင် ဘာလုပ် ရမလဲ၊ လွှတ်ရမှာပေါ့၊ ဒါကို ဥပဒေရှာပြီး ပြောစရာ မလိုဘူး``လို့ ဦးဉာဏ်ဝင်း က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ပွဲကို တမင်ကန့်လန့် တိုက်တာမဟုတ်ဘူး၊ တရားမျှတမှု မရှိတဲ့ မှန်ကန်မှု မရှိတဲ့ ၂၀၀၈ အခြေခံ ဥပဒေကို မပြင်ဘဲနဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ နေအိမ် အကျယ်ချုပ်က လွတ်လာလည်း ဝင်ဖို့ နည်းလမ်း မမြင်ဘူးလို့ ဦးဉာဏ်ဝင်း က ပြောပါတယ်။