ရွေးကောက်ပွဲအပေါ် နိုင်ငံတကာ တုန့်ပြန်မှုများ

အမေရိကန်၊ ဗြိတိန်နဲ့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့တို့က စစ်အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ထောင်နဲ့ချီတဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ အခန်းကဏ္ဍကို လျစ်လျူမယ်ဆိုရင် အခုရွေးကောက်ပွဲဟာ တရားဝင်မှာ မဟုတ်ဘူး လို့ ပြောကြားလိုက်ပါတယ်။

Image caption ရွေးကောက်ပွဲမှာ အားလုံးဟာ ညီညီမျှမျှ စည်းရုံး ဆောင်ရွက်ခွင့်ရှိမှာ မဟုတ်ဘူး

အမေရိကန်နိုင်ငံခြားရေးဌာနကမြန်မာအစိုးရရဲ့ လက်ရှိအခင်းအကျင်းအောက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ သက်ဆိုင်သူ အားလုံး ပါဝင် နိုင်မှာ မဟုတ်သလို အများယုံကြည် လက်ခံနိုင် လောက်တဲ့ ရွေးကောက်ပွဲ ဖြစ်လာနိုင်မှာ မဟုတ် ဘူးလို့ ပြောကြားလိုက်ပါတယ်။

ဖိနှိပ်မှုတွေရှိနေတဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေအောက်မှာ ရွေးကောက်ပွဲအတွက် အားလုံးဟာ ညီညီမျှမျှ စည်းရုံးဆောင်ရွက်ခွင့် ရှိမှာ မဟုတ်ဘူးလို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ဖိလစ်ခရိုလေးက ပြောပါတယ်။

Image caption အခုရွေးကောက်ပွဲဟာ စစ်အုပ်ချုပ်မှု သက်ဆိုး ရှည်စေရေး အတွက်သာ ဖြစ်စေမှာ

ဗြိတိသျှနိုင်ငံခြားရေးဌာန အငယ်တန်းဝန်ကြီး Jeremy Browne ကလည်း ဒေါ်အောင်ဆန်း စုကြည်နဲ့ နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးကာ လွတ်လပ်ပြီး တရားမျှတဲ့ ရွေးကောက်ပွဲ ဖြစ်စေဖို့ မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။

နောက်ပြီးသူက အတင်းအကြပ် ဖိနှိပ်မှုတွေ ရှိနေတဲ့ အခြေအနေအောက်မှာ ကျင်းပမယ့် အခုရွေးကောက်ပွဲဟာ စစ်အုပ်ချုပ်မှု သက်ဆိုး ရှည်စေရေး အတွက်သာ ဖြစ်စေမှာလို့ ပြောကြား လိုက်ပါတယ်။

အပြောင်းအလဲအတွက် မြန်မာပြည်သူတွေဟာ တကယ့်စစ်မှန်တဲ့ မဲပေးခွင့် ရရှိသင့်ကြောင်း နဲ့ မြန်မာအာဏာပိုင်တွေအနေနဲ့ အများယုံကြည်လက်ခံနိုင်အောင် လုပ်ဖို့ နောက်မကျသေး ကြောင်း သူကပြောပါတယ်။

အဲဒီလိုမှ မဟုတ်ရင် အခုကျင်းပမယ့် ရွေးကောက်ပွဲဟာ တရားဝင်မှာ မဟုတ်ပဲ နိုင်ငံတကာကလည်း ယုံကြည်မှာ မဟုတ်ဘူးလို့ သူက ဆက်ပြောကြားသွားပါတယ်။

Human Rights Watch လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ ကတော့ အခု ရွေးကောက်ပွဲဟာ စစ်တပ်အုပ်ချုပ်မှု ထပ်အာဏာတည်မြဲရေး အတွက် ဟန်ပြ အရပ်သားအစိုးရ ဖွဲ့ဖို့သာ ဖြစ်တယ်လို့ ပြောပါတယ်။