မဲဆွယ်ရေး စည်းကမ်းတွေ ထုတ်ပြန်

လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မြောက်ဖို့ ဆိုပြီး ရွေးကောက်ပွဲ ဝင်မယ့် ကိုယ်စားလှယ် တွေ လိုက်နာ ရမယ့် စည်းမျဉ်း စည်းကမ်း တွေကို ရွေးကောက်ပွဲ ကော်မရှင်က သြဂုတ်လ ၁၈ ရက် နေ့စွဲနဲ့ ထုတ်ပြန် ကြေညာ လိုက်ပါတယ်။

Image caption စည်းကမ်းတွေကို လိုတာ ထက် ပို ကန့်သတ် တယ်လို့ ဦးအေးလွင် ပြော

ဒီစည်းကမ်း တွေဟာ ဇွန်လက ကြေညာ ခဲ့တဲ့ နိုင်ငံရေး ပါတီတွေ စည်းဝေး ဟောပြောတဲ့အခါ လိုက်နာရမယ့် စည်းကမ်းချက် တွေနဲ့ သိပ် မကွာလှ ပါဘူး။

အဓိက ကတော့ ကိုယ်စားလှယ် လောင်း တွေ လူစု လူဝေးနဲ့ မဲဆွယ် ဟောပြောတဲ့ အခါ ရွေးကောက်ပွဲ ကော်မရှင်ကို တစ်ပတ် ကြိုတင် အကြောင်း ကြားပြီး ခွင့်ပြုချက် ရယူဖို့၊ အလံတွေ ကိုင်ပြီး စီတန်း လှည့်လည်တာ၊ ကြွေးကြော် တာတွေ မလုပ်ဖို့နဲ့ ပါတီ စာစောင် တွေ ထုတ်တဲ့ အခါ (၁၉၆၂) ပုံနှိပ် ဥပဒေနဲ့ စာပေ စိစစ်ရေး မူတွေကို လိုက်နာဖို့တို့ ဖြစ်ပါတယ်။

စည်းကမ်းချက် တွေထဲမှာ လူစု လူဝေးနဲ့ ဟောပြောဖို့ (၇)ရက်ကြိုတင် အကြောင်းကြား ရမယ်ဆို တဲ့ အချက် ဟာ မလိုအပ်ဘဲ ထည့်ထားတာလို့ မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေး အဖွဲ့ချုပ် ဥက္ကဌ ဦးအေးလွင် က ထောက်ပြ ပါတယ်။

ဒီမိုကရက်တစ် ပါတီ အထွေထွေ အတွင်းရေးမှူး ဒေါ်သန်းသန်းနု ကတော့ ရွေးကောက်ပွဲ မဲဆွယ်ဖို့ စည်းကမ်းချက်တွေ ပိုတင်းကြပ် လာတယ်လို့ မြင်ပါတယ်။

တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဝင်အရွေးခံဖို့ မျှော်လင့်နေတဲ့ ပါတီတွေ အ တွက် ကော်မရှင်ရဲ့ ကန့်သတ်ချက် တွေကြောင့် အတော် အခက်အခဲ ဖြစ်စေ ပေမဲ့ ပြည်နယ် လွှတ်တော် အတွက် အရွေးခံ မယ့် တိုင်းရင်းသား ပါတီငယ်တွေ ကတော့ သိပ်အခက်အခဲ မရှိဘူးလို့ ပြောကြပါတယ်။