ရွေးကောက်ပွဲအဝင် တပ်ပြင်ဆင်ဖွဲ့သလား

ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ သူလိုချင်တဲ့ အနေအထား မသေချာသေးရင် တပ်ရဲ့ အာဏာတွေကို သူတစ်ယောက်တည်း ချုပ်ကိုင် ထားဦးမှာပဲလို့ စစ်ရေး အကဲခတ် တစ်ဦးက ထုတ်ဖော် ပြောကြား ပါတယ်။

Image caption ဗိုလ်ချုပ်မှူးကြီးက ပါးစပ်ပိတ်ထားပြီး သူလုပ်ချင်တာကိုပဲ တစ်ခုပြီးတစ်ခုလုပ်တယ်

ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ အတိုင်း ဆိုရင်တော့ စစ်အာဏာရှင် စနစ်ကိုပဲ အကောင် အထည် ဖော်သွားမှာ ဖြစ်လို့ သူတို့ရဲ့ အခြေခံ ကျောရိုး ဖြစ်တဲ့ စစ်တပ်ကိုတော့ စိတ်ချရတဲ့ သူတွေ၊ သြဇာညောင်းတဲ့ သူတွေနဲ့ ဆက်ပြီး ဖွဲ့စည်းမယ့်ပုံ ရှိတယ်လို့ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေး သုတေသန အင်အားစု က စစ်ရေး အကဲခတ် ဦးဌေးအောင် က ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ အသက် ၇၇ နှစ်ရှိနေပြီ၊ တာဝန်သိတဲ့သူ ဥပဒေကို လိုက်နာသူ ဆိုရင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကနေ နုတ်ထွက်ရမယ်၊ အာဏာကို ဆက်ပြီး ကိုင်ထားချင်တယ် ဆိုရင်တော့ ဒုတိယ သမ္မတကနေ ရွေးကောက်ပွဲ ဝင်နိုင်တယ်၊ သမ္မတ ဖြစ်ရင်တော့ စစ်တပ်ကိုရော အစိုးရအဖွဲ့ကိုရော သြဇာ ညောင်းဦးမယ်လို့ သူက ပြောပါတယ်။

ဗိုလ်ချုပ်ကြီး သိန်းစိန် ဦးဆောင်တဲ့ ထိပ်တန်း စစ်တပ်အရာရှိကြီး နှစ်ဒါဇင်လောက် စစ်ဘက် ရာထူးတွေက နုတ်ထွက်ပြီး ကြံ့ခိုင်ရေးပါတီကို ဦးဆောင်ခဲ့သလို အခုထွက် ပေါ်နေတဲ့ သတင်းတွေအရ နောက်ထပ် ဒုတိယ ဗိုလ်ချုပ်ကြီး ၁၀ ဦး နုတ်ထွက်ပြီး ကြံ့ခိုင်ရေး ပါတီကနေ ရွေးကောက်ပွဲ ဝင်ဖို့ ပြင်ဆင်တာဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ရဲ့ တပ်ကို သွေးသစ် လောင်းတဲ့ အစီအစဉ်ထဲက ဖြစ်မယ်လို့ ဦးဌေးအောင် က ဆိုပါတယ်။

တပ်မှာက အသက် ၆၀ ပြည့်ရင် တပ်က အနားယူရတဲ့ သတ်မှတ်ချက် ရှိတယ်၊ ဒါကြောင့် အသက် ၆၀ ကျော်နေတဲ့ ဗိုလ်ချုပ်ကြီးတွေကို အနားယူခိုင်းတာလို့ ယူဆပြီး ထိပ်ပိုင်းမှာရှိတဲ့ ဗိုလ်ချုပ်ကြီးတွေကတော့ နောက်ပိုင်းမှာ အနားယူမယ်လို့ သူထင်မြင်ကြောင်း သူက ဆက်ပြောပါတယ်။