စည်းကမ်းချက် အသစ်ကြောင့် INGO တွေ အခက်တွေ့

UN Nargis
Image caption ကုလသမဂ္ဂ အဖွဲ့အစည်းတွေလည်း အခက်ကြုံနိုင်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနဟာ နာဂစ် မုန်တိုင်းအပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေမှာ အဓိက ညှိနှိုင်း ဆောင်ရွက်ပေး နေရာကနေ ရပ်ဆိုင်းလိုက်ကြောင်း ဒီတပတ်ထဲမှာ ရုတ်တရက် ကြေညာလိုက်တဲ့အတွက် ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အကူညီပေးရေး အဖွဲ့အစည်းတွေ အဖို့ အံ့အားသင့်စရာ ဖြစ်ခဲ့ရသလို၊ အခက်အခဲတွေ ဖြစ်လာနိုင်တဲ့ အပေါ်လည်း စိုးရိမ်နေကြပါတယ်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနရဲ့ ဆုံးဖြတ်ချက်အရ၊ နာဂစ် မုန်တိုင်းသင့် ဒေသမှာ ထူထောင်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ အနေနဲ့ လိုအပ်တဲ့ ခွင့်ပြုချက်တွေ အားလုံးကို အရင်က အဲဒီဝန်ကြီးဌာန တခုထဲမှာသာ ယူလို့ရပေမယ့်၊ အခုတော့ ပညာရေးနဲ့ ပတ်သက်ရင် ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနဲ့ ပတ်သက်ရင် ကျန်းမာရေးဝန်ကြီးဌာန အစရှိသဖြင့် သူ့သက်ဆိုင်ရာ ဝန်ကြီးဌာနတွေဆီကို တိုက်ရိုက်ဆက်သွယ် ဆောင်ရွက် ရတော့မှာဖြစ် ပါတယ်။

ဒါဟာသဘာဝကျတယ်လို့ ဆိုနိုင်ပေမယ့်၊ လက်တွေ့လုပ်ငန်း ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ အဖို့တော့ လုပ်ငန်းဆောင်ရွက်ရာမှာ ပိုပြီးခက်ခဲ သွားစေပါတယ်။

အထူးသဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ နားလည်မှု စာချွန်လွှာ လက်မှတ် မထိုးနိုင်သေးတဲ့ အချိန်မှာ၊ ပြည်ပက NGO ဝန်ထမ်း တွေအတွက်၊ ပြည်ဝင်ခွင့် ဗီဇာတို့၊ ပြည်တွင်းမှာ သွားလာ လုပ်ငန်းဆောင်ရွက်ခွင့် တို့ကို ဘယ်သူက ဆောင်ရွက်ပေးမလဲ ဆိုတာ မေးစရာ ဖြစ်လာပါတယ်။

ဒါကြောင့် အစိုးရကို အဲဒီလိုနားလည်မှု စာချွန်လွှာ လက်မှတ်ထိုးနိုင်တဲ့ အချိန်အထိ အရင်ပုံစံအတိုင်း ဆက်ဆောင်ရွက်ခွင့်ပြုဖို့ ကုလသမဂ္ဂက မေတ္တာ ရပ်ခံထားကြောင်း၊ UNDP ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စား လှယ် မစ္စတာ Bishow Parajuli ကပြောပါတယ်။

အခုအချိန်မှာ ဗီဇာ သက်တမ်းတိုးဖို့ လိုနေတဲ့ နိုင်ငံတကာ အကူညီပေးရေး လုပ်သားတွေ ၉၀ လောက်အထိ ရှိနေတယ် လို့လည်း ဆိုပါတယ်။

မြန်မာ အစိုးရက ခုလို ဘာကြောင့် ရုတ်တရက် ဆုံးဖြတ်လိုက်တယ် ဆိုတာကို မသိရ ပေမယ့် ရွေးကောက်ပွဲ ကျင်းပတော့မယ်လို့ ရက်သတ်မှတ်ပြီးတဲ့ နောက်ပိုင်းမှာ ခုလိုစည်းကမ်းသစ် သတ်မှတ်လိုက်တာဖြစ်ပါတယ်။