ဒေါ်စု ပြောတဲ့ ရွေးကောက်ပွဲနဲ့ ပြည်သူ့ တာဝန်

နေအိမ် အကျယ်ချုပ် ကျခံ နေရတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က နိုဝင်ဘာ လမှာ ကျင်းပမယ့် ရွေးကောက်ပွဲကို အာဏာပိုင် တွေက ဥပဒေနဲ့အညီ ဆောင်ရွက်မှု ရှိမရှိ ပြည်သူတွေ က အနီးကပ် စောင့်ကြည့်ဖို့ တာဝန် ရှိတယ်လို့ ထုတ်ဖော် ပြောလိုက် ပါတယ်။

Image caption ဘီဘီစီဟာ ပြည်သူတွေ အားကိုး နေရတဲ့ သတင်း ဌာန တစ်ခုလို့ ဒေါ်စု ပြော

ဒေါ်အောင်ဆန်း စုကြည်က မနေ့တုန်းက သူနဲ့ တွေ့ခွင့်ရ ခဲ့တဲ့ အန်အယ်ဒီ ပြောခွင့်ရ ပုဂ္ဂိုလ် ရှေ့နေ ဦးဉာဏ်ဝင်းက နေ တဆင့် အခုလို ပြောခဲ့တာပါ။

ဒါ့အပြင် လွတ်လပ် တရား မျှတတဲ့ ရွေးကောက် ပွဲ ဖြစ်လာစေ ဖို့ အစိုးရ မှာသာ တာဝန် ရှိတာ မဟုတ်ဘဲ ပြည်သူ လူထုမှာလည်း တာဝန် ရှိတယ်လို့ ဒေါ်အောင်ဆန်း စုကြည်က ပြော ပါတယ်။ ဒါကြောင့် အန်အယ်လ်ဒီ ခေါင်းဆောင် တွေဟာ နယ်တွေကို ဆင်းပြီး အန်အယ်လ်ဒီ အဖွဲ့ဝင်တွေ ကနေ တဆင့် ပြည်သူလူထုကို သတင်းစကား ပြောမယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ အန်အယ်လ်ဒီ ရဲ့ဆုံးဖြတ်ချက်ကို လည်း ဒေါ်အောင်ဆန်း စုကြည်က အပြည့်အဝ ထောက်ခံတယ်လို့ ဆိုပါတယ်။

သတင်းတွေကို ဒေါ်စု မျက်ခြေမပြတ်

သတင်း မီဒီယာ တွေနဲ့ ပတ်သက်လို့ လည်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောခဲ့ ပါသေးတယ်။

မြန်မာ ပြည်သူတွေဟာ သတင်း အချက်အလက်တွေ သိရှိ နိုင်ဖို့ ဘီဘီစီ နဲ့ တခြား ပြည်ပ သတင်းဌာနတွေ ကို အားကိုး နေကြရတယ်၊ ဗြိတိန် နိုင်ငံမှာ ဘဏ္ဍာရေး အကြပ်အတည်းနဲ့ ရင်ဆိုင် နေရတာကြောင့် ဘီဘီစီ မြန်မာပိုင်း အစီအစဉ်နဲ့ ကမ္ဘာတလွှား အသံလွှင့် ဌာနကြီး အပါအဝင် ဘီဘီစီ ရဲ့ အသုံး စရိတ်တွေ လျှော့ချ နိုင်တယ်လို့ ကြားရတဲ့ အတွက် စိုးရိမ် မကင်း ဖြစ်မိတယ် လို့ ဒေါ်အောင်ဆန်း စုကြည်က ပြောလိုက်တာ ကိုလည်း အန်အယ်လ်ဒီ ပြောရေး ဆိုခွင့် ရှိသူ ဦးဉဏ်ဝင်းက ပြန်ပြောပြ ပါတယ်။