နအဖခေါင်းဆောင်တွေ စစ်တပ်ရာထူးက နှုတ်ထွက်

Than Shwe
Image caption နအဖ ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ စစ်တပ် ရာထူးကထွက်

နအဖ ထိပ်တန်း ခေါင်းဆောင်တွေ စစ်တပ်ရာထူးက နှုတ်ထွက်လိုက်ကြတဲ့ သတင်းတွေ ရန်ကုန်ကနေ ရရှိပါတယ်။

ဗိုလ်ချုပ်မှုးကြီး သန်းရွှေ၊ ဒုတိယ ဗိုလ်ချုပ်မှုးကြီး မောင်အေးနဲ့ ဗိုလ်ချုပ်ကြီး သူရရွှေမန်းနဲ့ သီဟသူရ တင်အောင်မြင့်ဦးတို့ အပါအဝင် တခြား စစ်တပ် ခေါင်းဆောင်တွေ စစ်တပ်ရာထူးတွေကနေ နှုတ်ထွက်သွားကြတဲ့ သတင်းတွေ ရရှိပေမယ့် အစိုးရ မီဒီယာတွေမှာတော့ ဒီသတင်းကို ဖော်ပြခြင်း မရှိသေးပါဘူး။

ဒီနှစ် အစောပိုင်းကလည်း နအဖ စစ်ဗိုလ်ချုပ် သုံးဆယ်လောက်ဟာ စစ်တပ်ရာထူးတွေက နှုတ်ထွက်ပြီး အရပ်သား ဝန်ကြီးရာထူးတွေကို ပြောင်းယူခဲ့ပါတယ်။

နိုဝင်ဘာ ရွေးကောက်ပွဲ မတိုင်ခင် ခုလို စစ်တပ် ရာထူးတွေကနေ နှုတ်ထွက်တာကို ကြည့်ရင် ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ်လို့ မျှော်လင့်ရပြီး ရွေးကောက်ပွဲအပြီး ပေါ်ထွက်လာမဲ့ အရပ်သား အစိုးရအဖွဲ့ထဲမှာ နအဖ စစ်ခေါင်းဆောင်တွေဟာ အရပ်သားတွေ အဖြစ်နဲ့ သမ္မတနဲ့ ဒုတိယ သမ္မတ ရာထူးတွေကို ယူဖို့ စတင် လုပ်ဆောင်လာတာ ဖြစ်နိုင်တယ်လို့ အကဲခပ်တွေက သုံးသပ်ကြပါတယ်။

လက်ရှိ နအဖ စစ်ခေါင်းဆောင်တွေ စစ်တပ်က နှုတ်ထွက်သွားတဲ့အတွက် လစ်လပ်သွားတဲ့ နေရာတွေမှာ ဘယ်သူတွေကို အစားထိုး ခန့်အပ်မလဲ ဆိုတာတော့ ခုထိ မသိရသေးပေမဲ့ ကာကွယ်ရေး ဦးစီးချုပ် နေရာကို စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင်နဲ့ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နေရာကို ကစထမှုး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုကို ခန့်အပ်ထားတယ်လို့ သတင်းရရှိပေမဲ့ အတည်မပြုနိုင်သေးပါဘူး။