တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်

၂၀၁၀ ရွေးကောက်ပွဲဟာ တရားမျှတတဲ့ရွေးကောက်ပွဲ မဖြစ်နိုင်ဘူးလို့အာရှဒေသ ရွေးကောက်ပွဲတွေကို စေါင့်ကြည့်နေတဲ့ အဖွဲ့ အစည်းတစ်ခုဖြစ်တဲ့ ANFREL Foundation က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

Image caption ရွေးကောက်ပွဲ ဥပဒေ တွေကို ဝေဖန်မှု များပြား

ဒီထုတ်ပြန်ကြေညာချက်မှာ လွတ်လပ်စွာ သဘောထားထုတ်ဖေါ်ခွင့်၊ လွတ်လပ်စွာ စုဝေးခွင့်နဲ့လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ဆိုတဲ့ အခြေခံလိုအပ်ချက် ၃ ခု ကို ထောက်ပြထားပါတယ်လို့ ANFREL Foundation က ရွေးကောက်ပွဲဆိုင်ရာ ကျွမ်းကျင်သူ “မစ္စတာ ဘီဒါရက် ဒတ်စ်”က ဘီဘီစီကိုပြောပါတယ်။

မြန်မာပြည်ရဲ့ လက်ရှိအခြေအနေမှာ မှတ်ပုံတင်ခွင့်မပေးတဲ့ နိုင်ငံရေးပါတီတွေရှိနေတဲ့ကိစ္စ၊ ပါတီဝင်တွေနဲ့ မဲဆန္ဒရှင်တွေကို အာဏာပိုင်တွေက နည်းအမျိုးမျိုးနဲ့ ခြိမ်းခြောက်တဲ့ကိစ္စ၊ ရွေးကောက်ပွဲ ဥပဒေတွေက အစိုးရ လိုလားတဲ့ဘက်ကို လုံးဝ အသားပေးထားတဲ့ ကိစ္စတွေ ရှိနေတာမို့ ဒီပုံစံနဲ့သာ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုရင် လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူးလို့ မစ္စတာ ဘီဒါရက် ဒတ်စ်က ပြောပါတယ်။

ဒီရွေးကောက်ပွဲဟာ ပိုကောင်းတဲ့ အပြောင်းအလဲဖြစ်နိုင်မယ့် လမ်းစဖြစ်တယ်ဆိုတဲ့လူတချို့ရဲ့ အမြင်ကို သူတို့ အနေနဲ့ လုံးဝကြီးပယ်ချနေတာမျိုး မဟုတ်တဲ့ အကြောင်း ဒါပေမယ့် အာဏာပိုင်တွေရဲ့ စောင့်ကြည့်မှုအောက်မှာ အဲဒီလမ်းစကို ဘယ်လိုအသုံးချလို့ ရမလဲဆိုတာကိုတော့ သူ့အနေနဲ့ သံသယရှိတဲ့အကြောင်း မစ္စတာ ဘီဒါရက် ဒတ်စ်က ပြောပါတယ်။

၁၉၉၀ ခုနှစ်က ရွေးကောက်ပွဲ အခြေအနေကို လေ့လာတဲ့အခါ အခုလုပ်မယ့်ရွေးကောက်ပွဲနဲ့ တူတာတွေရှိသလို မတူတာတွေလည်း အများကြီးရှိတဲ့အကြောင်း ဥပမာ မှတ်ပုံတင်ခွင့်မရတဲ့ပါတီတွေကို ဥပဒေအရခွင့်မပြုတာလား ဥပဒေကို ကျော်လွန်ပြီးမှ ခွင့်မပြုတာလားဆိုတာ မရှင်းလင်းတဲ့အကြောင်း ဒါ့အပြင် မှတ်ပုံတင်ထားတဲ့ ပါတီဝင်တွေရဲ့ အိမ်တွေကို ရဲကလာပြီး မေးမြန်းတာမျိုးတွေလုပ်တာကိုလည်း တွေ့ရတဲ့အကြောင်း ဒီလုပ်ရပ်တွေကိုကြည့်ရင် လွတ်လပ်တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်နိုင်မယ်လို့ မယုံကြည်နိုင်တဲ့ကြောင်း မစ္စတာ ဘီဒါရက် ဒတ်စ်က ဘီဘီစီကို ပြောပြသွားပါတယ်။