ဘီဘီစီမြန်မာဌာန နှစ် ၇၀ ပြည့် မဲဆောက်မှာ သောတရှင်တွေနဲ့ တွေ့

Image caption ဘီဘီစီရဲ့ ပထမဆုံး ဟယ်လို သတင်းလွှာ

လာမဲ့ စက်တင်ဘာလ ၂ ရက်နေ့ ကျရောက်မဲ့ ဘီဘီစီ မြန်မာဌာန အနှစ် ၇၀ ပြည့် အထိမ်းအမှတ် အဖြစ် ဒီကနေ့ မနက်က ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ စျေးကြီးအတွင်းမှာ ဌာနမှူး ဒေါ်တင်ထားဆွေနဲ့ ဘီဘီစီမြန်မာပိုင်း ဝိုင်းတော်သား တချို့ တွေ့ဆုံခဲ့ကြပါတယ်။

ဒီလို တွေ့ဆုံရာမှာ သောတရှင်တွေ ဘီဘီစီနဲ့ ပတ်သက်လို့ သိလိုတာတွေကို ဖြေကြားခဲ့သလို သောတရှင်တွေကိုလည်း မြန်မာပိုင်းအသံလွှင့်တာတွေနဲ့ပတ်သက်လို့ ဉာဏ်စမ်းမေးခွန်းများ မေးခဲ့ပြီး အဖြေမှန်သူတွေကို ဘီဘီစီ အမှတ်အသားပါတဲ့ ဦးထုပ် သော့တွဲ စတာတွေကို အမှတ်တရ ပေးခဲ့ပါတယ်။

နေ့လည်ပိုင်းမှာ ဘီဘီစီ မြန်မာပိုင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် အဖြစ် စတင် ထုတ်ဝေတဲ့ ဘီဘီစီမြန်မာပိုင်း အစီအစဉ်ရဲ့ ဟဲလို သတင်းလွှာ ကို ထိုင်းမြန်မာနယ်စပ်က စက်ရုံ အလုပ်ရုံတွေမှာ ဖြန့်ချီမှာ ဖြစ်ပါတယ်။

ဒီသတင်းလွှာကို သတင်းနဲ့ဝေးနေကြတဲ့ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအတွက် ရည်ရွယ် ထုတ်ဝေတာဖြစ်ပြီး လစဉ် ထုတ်ဝေသွားနိုင်ဖို့ စီစဉ်နေပါတယ်။

ဒီသတင်းလွှာကို အခမဲ့ ဖြန်ချီတာဖြစ်ပြီး မြန်မာနဲ့ နိုင်ငံတကာသတင်း၊ အားကစားနဲ့ စီးပွားရေးသတင်း စတဲ့ ကဏ္ဍတွေကို ထည့်သွင်းဖေါ်ပြထားတဲ့အပြင် ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားတွေ သိသင့်သိထိုက်တဲ့ ထိုင်းနိုင်ငံရဲ့ ဥပဒေတချို့ကိုလည်း ဖေါ်ပြထားပါတယ်။