CRPP ရွေးကောက်ပွဲကို သပိတ်မှောက်မည်

CRPP secretary
Image caption စီအာပီပီ အတွင်းရေးမှုး ဦးအေးသာအောင်

ဒီချုပ်နဲ့ တိုင်းရင်းသား မဟာမိတ် ပါတီတွေ စုဖွဲ့ထားတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP)က ရွေးကောက်ပွဲကို သပိတ်မှောက်သွားမယ်လို့ မနေ့က ကြေညာလိုက်ပါတယ်။

ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြည်သူတွေကို သဘောထား တခုထဲ ထုတ်ပြန်သွားဖို့ ရည်ရွယ်ပြီး သပိတ်မှောက်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ စီအာပီပီ အတွင်းရေးမှုး ဦးအေးသာအောင်က ပြောပါတယ်။

နိုဝင်ဘာ ရွေးကောက်ပွဲဟာ ပြည်သူတွေ မျှော်လင့်တဲ့ အပြောင်းအလဲတွေ ဖြစ်စေမှာ မဟုတ်သလို ဒီမိုကရေစီ အခွင့်အရေး၊ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေလည်း မရနိုင်ဘူးလို့ ယုံကြည်ကြောင်း ဦးအေးသာအောင်က ပြောပါတယ်။

ခုရွေးကောက်ပွဲကို ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဒီချုပ် အပါအဝင် တိုင်းရင်းသား ပါတီတွေက လက်မခံဘူးဆိုတာ ပြတဲ့အနေနဲ့ သပိတ်မှောက်တာလို့ ဆိုပါတယ်။

ခုရွေးကောက်ပွဲမှာ ကြံ့ဖွံ့ပါတီက အမတ်နေရာ အများဆုံးရဖို့ လူအား၊ ငွေအား၊ ယန္တရားအားတွေနဲ့ သုံးလုပ်ဆောင်နေပြီး စကတည်းက တရားမျှတမှု မရှိတာ သိသာတယ်လို့ စီအာပီပီ အတွင်းရေးမှုးက ပြောပါတယ်။

ရွေးကောက်ပွဲကို သပိတ်မှောက်တဲ့ နည်းလမ်းကို ပြည်သူတွေနဲ့အတူ ရပ်တည် ဖော်ဆောင်သွားတာက ဒီမိုကရေစီနဲ့ ပိုနီးစပ်နိုင်မယ်လို့ ဦးအေးသာအောင်က ပြောသွားပါတယ်။