ခမရ ၄၃၅ က ဝိုင်းထားတဲ့တပ်တွေ ရုပ်ပေးဖို့ ပြော

ဘဏ်စုငွေတွေ ပြန်တောင်းရာက တပ်ရင်းတခုလုံး နှုတ်ထွက်စာတင်ခဲ့လို့ တပ်တွေနဲ့ အဝိုင်းခံနေရတဲ့ ရန်ကုန်တိုင်း တောင်ဥက္ကလာပ အခြေစိုက် ခမရ ၄၃၅ က သူတို့ကို ဝိုင်းထားတဲ့ တပ်တွေကို ပြန်ရုပ်သိမ်းဖို့ တောင်းဆိုနေတယ်လို့ ခြေမြန်တပ်ရင်း ၄၃၅ က တပ်ကြပ်ကြီးတဦးက ပြောပါတယ်။

သူတို့ကို ရန်ကုန်တိုင်းအထူးတပ်တွေက အင်အား ၂၀၀ ကျော်လောက်နဲ့ ဝိုင်းရံ စောင့်ကြည့်တာကို ခံနေရတယ်လို့ ဆိုပါတယ်။

တပ်တွင်းမှာ ရိက္ခာ နည်းပါးလာပြီး မိသားစုတွေ အခက်အခဲကြုံလာရလို့ အခုလို ဝိုင်းထားတာကို ရုပ်သိမ်းပေးဖို့ တောင်းဆိုရတာလို့ တပ်ကြပ်ကြီးက ပြောပါတယ်။

အခုအခါ တပ်တွင်းမှာ ရိက္ခာ အပြင် တပ်တွင်း ဆက်သွယ်ရေးကိုပါ ဖြတ်တောက်ထားဆဲပဲလို့ သူကပြောပါတယ်။

ရန်ကုန်တိုင်း တောင်ဥက္ကလာပ အခြေစိုက် ခမရ ၄၃၅ နဲ့ ခမရ ၄၃၆ တို့ဟာ ဘဏ်စုငွေတွေ ပြန်တောင်းရာက တပ်ရင်းတခုလုံး နှုတ်ထွက်စာတင်ခဲ့လို့ တပ်တွေနဲ့ အဝိုင်းခံနေရတဲ့တပ်တွေ ဖြစ်ပါတယ်။