စံပြကျေးရွာ ကလေးများ တောင်းရမ်း စားသောက်

Rakhine children
Image caption တောင်းရမ်း စားသောက်နေ ကြရတဲ့ ရခိုင် ပြည်နယ်ရှိ နတလ စံပြ ကျေးရွာမှ ကလေးများ

ရခိုင်ပြည်နယ် အနောက်ဖက်နယ်စပ် မောင်းတောမြို့နယ်မှာ အစိုးရစီမံကိန်းနဲ့ တည်ထောင်ထားတဲ့ စံပြကျေးရွာတွေမှာ အစားအစာမလုံလောက်လို့ ကလေးငယ်တွေက နီးစပ်ရာဘုန်းကြီးကျောင်းတွေဆီသွားပြီး စားစရာတောင်းနေကြရပါတယ်။

“နတလ စံပြကျေးရွာက ကလေး အယောက် ၂၀ က နေ ၃၀ လောက်ရှိရာက အခုတလော အယောက် ၅၀ လောက် ဘုန်းကြီးကျောင်းတွေမှာ လာပြီး အလှူခံတာပေါ့လေ လာတောင်းကြတာပေါ့ ” လို့ မျက်မြင်တွေ့မြင်သူ တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

နတလ စံပြ ကျေးရွာ တွေဆိုတာ ဗမာပြည်ဘက်က အစိုးရ အစီစဉ်နဲ့ ပြောင်းရွေ့ လာရောက် နေထိုင်ကြသူတွေ ဖြစ်ပါတယ်။ မြန်မာအစိုးရရဲ့ နယ်စပ်ဒေသနဲ့ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး အစီအစဉ်နဲ့ နတလ စံပြကျေးရွာတွေကို တည်ထောင်ခဲ့တာဖြစ်ပါတယ်။

မောင်းတော မြို့နယ် တစ်ခုထဲမှာ တင် ရွာ ၂၀ ရှိပါတယ်။ ဒီရွာတွေမှာ အလုပ်အကိုင် မရှိသူများပြားပြီး ကုန်ဈေးနှုန်းကလည်း ကြီးမြင့်လို့ ထမင်းနပ်မှန်အောင် မစားနိုင်ဘူး ဖြစ်နေကြပါတယ်။ ဒါကြောင့်မို့ အခုလို တောင်းစားသောက်တဲ့ ကလေးတွေ ပိုပြီး များလာနေတာ ဖြစ်တယ်လို့ သိရပါတယ်။